(စ) ကဒဲချောင်းကူးမီးရထားတံတားနှင့်စပ်လျဉ်းသည့်မေးခွန်း
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ဧည့်သည်တော်များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ တနင်္သာရီတိုင်းဒေသကြီး၊ ပုလော မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်လှ ဖြစ်ပါတယ်။ ကျွန်တော်တို့ တနင်္သာရီတိုင်း ဒေသကြီးတွင် ထားဝယ်-မြိတ် ရထားလမ်းဖောက်လုပ်ရာတွင် လမ်းအရှည် ၁၃၂ မိုင် ၅ဖာလုံ ဆောက်လုပ်ရာ၌ ထားဝယ်နှင့် သရက်ချောင်းရထားလမ်းပိုင်းသည် ရထားလမ်းပြီးစီး၍ ရထား သွားလာနိုင်ပြီဖြစ်ပါသည်။ သရက်ချောင်းမှပုလောသို့ ရထားလမ်းဖောက်လုပ်ရာတွင် မြဒေါင်ကျေးရွာ၊ လက္ကူးကျေးရွာအုပ်စုနှင့် တိုကျေးရွာအုပ်စု၊ ပိဒက်ကျေးရွာကြား ကဒဲမြစ်ကူးတံတားအပေါ် ရထားကူး တံတားတစ်စင်း ပါရှိကြောင်းသိရှိရပါသည်။ ၎င်းမြစ်ကူးတံတား မရှိသည့်အတွက် လက္ကူးကျေးရွာအုပ်စု ရှိ ကျောင်းသူ ကျောင်းသားများသည် တိုကျေးရွာအထကခွဲ၊ ဗလကျေးရွာ အထကသို့ ကူးတို့လှေဖြင့် လည်းကောင်း၊ ဝါးလုံးဖောင်များဖြင့်လည်းကောင်း၊ စက်ဘီး၊ ဆိုင်ကယ်များဖြင့်လည်းကောင်း သွားလာ နေကြရာ မိုးရာသီတွင် အန္တရာယ်ရှိနေပါသောကြောင့် မြဒေါင်-ပိဒက် ချောင်းကူးတံတား တည်ဆောက် ရာတွင် စက်ဘီး၊ ဆိုင်ကယ်၊ ထော်လာဂျီများ သွားလာနိုင်ရန်အတွက် မော်တော်ကားလမ်းများ ပူးတွဲဆောက်လုပ်ပေးရန် ပါ၊ မပါနှင့် မပါပါက စက်ဘီး၊ ဆိုင်ကယ်၊ သုံးဘီး၊ ထော်လာဂျီများ သွားလာနိုင်သည့် လမ်းတစ်လမ်းတွဲလျက်တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းထားပါသည်။