(စ)-ကုမ္ပဏီသက်တမ်းတိုးခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့မှ ၂၂ ရက်ထိ ကျင်းပပြုလုပ်ခဲ့တဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ အမျိုးသားအဆင့်အလုပ်ရုံ ဆွေးနွေးပွဲမှာ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဒေါက်တာကံဇော်က ကုမ္ပဏီအသစ်တွေ မှတ်ပုံတင်ခြင်းနှင့်ပတ်သက်ပြီးတော့ အချက်အလက်ပြည့်စုံလို့ရှိရင် တစ်ကြိမ် တည်းနဲ့အပြီး ဆောင်ရွက်တဲ့စနစ်(One Stop Service)ကို စတင် ကျင့်သုံးခဲ့ပြီဆိုတဲ့အကြောင်းကို ပြောကြားခဲ့ပါတယ်။ အဲဒီနောက်မှာ ညွှန်ကြားရေးမှူးချုပ် ဦးအေးကို ကလည်း မေလ ၂၂ ရက်နေ့မှာ အဲဒီ သုံး၊ လေးရက်အတွင်းမှာ ကုမ္ပဏီ ၂၅ ခုကို အလျင်အမြန် မှတ်ပုံတင်ပေးနိုင်ခဲ့ကြောင်း တင်ပြခဲ့ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ ကုမ္ပဏီမှတ်ပုံတင်အသစ်တွေ မှတ်ပုံတင်ပေးခြင်းဟာ အဆင်ပြေတဲ့အတွက် အားလုံးကျေးဇူးတင်ရှိကြပါတယ်။ ဒါပေမယ့် ကုမ္ပဏီအဟောင်းတွေ သက်တမ်းတိုးတဲ့အခါမှာတော့ တော်တော့်ကိုပဲ အချိန်ကြန့်ကြာနေရကြောင်း တွေ့ရှိရပါတယ်။ အဲဒီလိုကြန့်ကြာတာနဲ့အမျှ ကျွန်တော် တို့ပို့ကုန်ပို့တဲ့ ကုမ္ပဏီများအနေနဲ့ ပို့ကုန်ပို့တဲ့နေရာမှာ အခက်အခဲရှိပါတယ်။ ဒီထက်ဆိုးတာကတော့ ကျွန်တော်မူလတုန်းကတော့ စောစောကဖွဲ့စည်းတဲ့ကုမ္ပဏီတွေမှာ ရေလုပ်ငန်းလုပ်တဲ့ကုမ္ပဏီ၊ လက်ယာကိုင်းကျွန်းထွက် သီးနှံတင်ပို့တဲ့ကုမ္ပဏီရယ်လို့ ပေါင်းလုပ်ကြတဲ့အခါမှာ တချို့ဒါရိုက်တာ တွေကရေလုပ်ငန်းကုမ္ပဏီမှာလည်းပါတယ်။ လက်ယာကိုင်းကျွန်းထွက်သီးနှံ တင်ပို့တဲ့ကုမ္ပဏီမှာ လည်းပါတယ်။ အဲဒီလိုနှစ်ခုပါနေတဲ့အခါမှာ အခုကုမ္ပဏီမှတ်ပုံတင်တဲ့အခါ တစ်ခုက Tax Assessment မပြီးသေးလို့ရှိရင် အဲဒီမပြီးတဲ့ ကုမ္ပဏီကလည်း အဲဒီဒါရိုက်တာ အဲဒီအထဲမှာပါနေတဲ့ အတွက်ဆိုပြီးတော့ မှတ်ပုံတင်ပေးတာကို Renew လုပ်လို့မရဘူးဖြစ်နေပါတယ်။ အဲဒီကိစ္စကတော့ ကုမ္ပဏီတော်တော်များများမှာ ဖြစ်ပေါ်နေတဲ့အတွက် ဒါကိုလည်း စဉ်းစားစေလိုပါတယ်။ နောက်တစ်ချက်က ကုမ္ပဏီသက်တမ်းကို နှစ်နှစ်တစ်ခါ သက်တမ်းတိုးနေတဲ့အတွက် ကျွန်တော်တို့ ရုံးလုပ်ငန်း သုံးပုံတစ်ပုံလောက်က နှစ်နှစ်မပြည့်သေးဘူးဆိုရင် တော်တော့်ကိုပဲ အချက်အလက်တွေ စုဆောင်းပြီးတော့ မှတ်ပုံတင်ရတာဖြစ်နေပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်မေးချင်တဲ့ မေးခွန်း သုံးခုကတော့ (၁) သက်တမ်းတိုးကုမ္ပဏီ မည်မျှဆောင်ရွက်ပြီးစီးကြောင်းနှင့် သက်တမ်းတိုးရန်ကုမ္ပဏီ မည်မျှကျန်ရှိပါသေးသနည်း။ (၂) သက်တမ်းတိုးဆောင်ရွက်ရာတွင် ပြည်ထဲရေးဌာန၏ စစ်ဆေးမှု၊ အခွန်ဌာန၏ဆောင်ရွက်မှုများကြောင့် နှောင့်နှေးမှုများရှိနေသည်ကို လျှော့ပေါ့ပြီးမြန်ဆန်အောင် ဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိ။ (၃) ကုမ္ပဏီသက်တမ်းကို နှစ်နှစ်မှ ငါးနှစ်အထိ ပြင်ဆင်သတ်မှတ် ပေးခြင်းက ပိုမိုကောင်းမွန်နိုင်သည်ကို ပြင်ဆင်စဉ်းစားနိုင်ခြင်း ရှိ၊ မရှိကို မေးမြန်းပါသည်။