(င)-ဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်ပြီးသည့်နောက်ပိုင်း ပြည်ထောင်စုတရားသူကြီးများသည် အကျဉ်း စခန်းများ၊ ရဲဘက်စခန်းများ၊ ရဲတပ်ဖွဲ့အချုပ်စခန်းများသို့ သွားရောက်စစ်ဆေးမှုနှင့်စပ်လျဉ်းသည့် မေးခွန်း
(က) ဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်ပြီးသည့်နောက်တွင် ပြည်ထောင်စုတရားသူကြီးများသည် အကျဉ်းစခန်းများ၊ ရဲဘက်စခန်းများ၊ ရဲတပ်ဖွဲ့အချုပ်စခန်းများ သို့ သွားရောက်စစ်ဆေးသည့်အကြိမ် မည်မျှရှိပါသနည်း။ (ခ) စစ်ဆေးကြည့်ရှုရာတွင် အကျဉ်းသား များ အချုပ်သားများ၏ နေထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဥပဒေနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများ ခံစားနိုင်အောင် မည်ကဲ့သို့ ကြီးကြပ်ကွပ်ကဲခြင်းနှင့် ဝိုင်းဝန်း ကူညီခြင်း ပြုခဲ့ပါသနည်း။ (ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်ချုပ် တရားသူကြီး များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားသူကြီးများ၊ ခရိုင်တရားသူကြီးများကို အကျဉ်းစခန်းများ၊ ရဲဘက်စခန်းများ၊ ရဲတပ်ဖွဲ့အချုပ်စခန်းများကို စစ်ဆေးရန် ထပ်ဆင့်ညွှန်ကြားချက်များ ထုတ်ပြန်ပြီး စစ်ဆေးကြည့်ရှုမှုများနှင့်ပတ်သက်၍ ထူးခြားသော အချက်အလက်များကို ပြည်ထောင်စုတရား လွှတ်တော်ချုပ်သို့ အစီရင်ခံမှုများ ရှိပါသလား။ (ဃ) ယင်းအစီရင်ခံစာများနှင့်ပတ်သက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က သက်ဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်မှု မည်မျှရှိခဲ့ပါသနည်း။ (င) အကျဉ်းထောင် လက်စွဲဥပဒေအပိုဒ် ၈၃၈ နှင့် ၈၄၈ တို့အရ ခံစားခွင့်ရှိသော သာမန်လျှော့ရက် များနှင့်အတူ ညွှန်ကြားရေးမှူးချုပ်၊ ခရိုင်အုပ်ချုပ်ရေးအရာရှိ၊ ထောင်တာဝန်ခံအရာရှိ၊ တရားသူကြီး အစရှိသည်တို့က ပေးနိုင်သော အထူးလျှော့ရက်များ၊ ခံစားခွင့်များကို အကျဉ်းသားအချို့ မရရှိ သည်ကိုသိရှိခြင်း ရှိ/မရှိမေးမြန်းပါသည်။