(ဇ)- ရခိုင်ပြည်နယ်၊ တောင်ပိုင်းတက္ကသိုလ်ကို တောင်ကုတ်မြို့တွင် ဖွင့်လှစ်ပေးရန်နှင့်စပ်လျဉ်းသည့် မေးခွန်း
ပထမအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒသမနေ့ အစီအစဉ်မှာ ရခိုင်ပြည်နယ်၊ မာန်အောင် မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိန်က ရခိုင်ပြည်နယ်တောင်ပိုင်းတွင် ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ် သို့မဟုတ် ဒေသကောလိပ်တစ်ခုအား ဖွင့်လှစ်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းခဲ့ပါ တယ်။ နောက်ပြီး နိုင်ငံတော်သမ္မတကြီးအနေနဲ့ တောင်ကုတ်မြို့ခရီးစဉ်မှာ မြို့မိမြို့ဖများကလည်း တင်ပြခဲ့ကြပါတယ်။ နိုင်ငံတော်သမ္မတကြီးအနေဖြင့် စိတ်ဝင်စားစွာ နားထောင်ခြင်း၊ မေးမြန်းခြင်းများ ပြုလုပ်ခဲ့တဲ့အတွက်ကြောင့် သမ္မတကြီးအား ကျေးဇူးဥပကာရတင်ရှိပါကြောင်းတင်ပြလိုပါတယ်။ဒါဟာ ရခိုင်ပြည်နယ်တောင်ပိုင်းမှာ နေထိုင်ကြတဲ့ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူတို့ရဲ့ မျှော်လင့်ချက် ဖြစ်ကြောင်း တင်ပြလိုပါတယ်။ ပြည်နယ်တစ်ခုလုံးမှာ ရခိုင်ပြည်နယ်မြို့တော်ဖြစ်တဲ့ စစ်တွေမြို့မှာ တစ်ခုတည်းသော ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ် ရှိပါတယ်။ ပြည်နယ်မြို့တော်နဲ့ဆက်သွယ်သွားလာရာတွင် ရေလမ်းခရီးကိုသာ အဓိကအားထားနေရပါတယ်။ စစ်တွေသို့ တောင်ကုတ်မှ ၂၂၄ မိုင်၊ ဂွ မှ ၃၂၇ မိုင်၊ မာန်အောင်မှ ၂၇၂ မိုင် ဝေးကွာပြီး ခရီးစရိတ်ကြီးလွန်းလှပါတယ်။ ၎င်းအပြင် လူနေမှုစရိတ်ကြီးမား သောစစ်တွေမြို့တွင် အိမ်ငှားစရိတ်ကြီးလေးခြင်း၊ စားသောက်စရိတ်ကြီးမားခြင်းတို့ကြောင့် နေ့ကျောင်းသားတစ်ဦးအတွက် တစ်လလျှင်တစ်သိန်းကျော်ခန့်ကုန်ကျပြီး၊ အဝေးသင်ကျောင်းသူ၊ ကျောင်းသားများ တစ်ကြိမ်သွားလျှင် သုံးသိန်းအထက်မှာကုန်ကျကြောင်း သိရှိရပါတယ်။ လေးစား အပ်ပါသောဥက္ကဋ္ဌကြီးခင်ဗျား။ ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့မှ ဂွမြို့သို့ ၁၂၇ မိုင်၊ ကားလမ်းဖြင့်လည်းကောင်း၊ သံတွဲမြို့သို့ ၄၄ မိုင် ကားလမ်းဖြင့်လည်းကောင်း၊ မာန်အောင်မြို့သို့ ၄၈ မိုင်ရေလမ်းဖြင့်လည်းကောင်း၊ ရမ်းဗြဲမြို့သို့မိုင် ၅၀ ကားလမ်း၊ ရေလမ်းတို့ဖြင့်လည်းကောင်း၊ ကျောက်ဖြူမြို့သို့ ၁၁၇ မိုင် ကားလမ်း၊ ရေလမ်းတို့ဖြင့်လည်းကောင်း၊ အမ်းသို့ ၈၉ မိုင် ကားလမ်းဖြင့်လည်းကောင်း ခရီးသွားလာမှုလွယ်ကူချောမွေ့ပြီး စရိတ်စကလည်းသက်သာပါတယ်။ နေထိုင်စားသောက်စရိတ်လည်း စစ်တွေမြို့နဲ့စာလျှင် ဈေးနှုန်းသက်သာတဲ့အတွက်ကြောင့် ကျောင်းသူ၊ ကျောင်းသားများအဖို့ စစ်တွေမြို့မှ ကုန်ကျစရိတ်ရဲ့ ထက်ဝက်ခန့်သာကုန်ကျမှာ ဖြစ်ပါတယ်။
လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ရခိုင်ပြည်နယ်တောင်ပိုင်းတွင် ခရိုင်နှစ်ခုရှိပြီး၊ မြို့နယ် ခုနစ်မြို့နယ်ရှိပါတယ်။ ကျောက်ဖြူခရိုင်အတွင်းမှာ ရမ်းဗြဲ၊ ကျောက်ဖြူ၊ မာန်အောင်၊ အမ်းမြို့နယ်များ နှင့် ရပ်ကွက်နဲ့ကျေးရွာအုပ်စု ၁၉၅ ခုရှိပါတယ်။ လူဦးရေအားဖြင့် ၄၁၆၉၂၁ ဦီး ရှိပါတယ်။ သံတွဲခရိုင် အတွင်းမှာ သံတွဲ၊ တောင်ကုတ်၊ ဂွမြို့နယ်များရှိပြီး၊ ရပ်ကွက်ကျေးရွာအုပ်စု ၁၇၀ လူဦးရေအားဖြင့် ၃၉၉၀၃၇ ဦးရှိပါတယ်။ ခရိုင်နှစ်ခုပေါင်း၊ ကျေးရွာ၊ ရပ်ကွက်အုပ်စုပေါင်း ၃၆၅ခု ရှိပြီး လူဦးရေအား ဖြင့် ၇၂၆၈၅၈ ဦးဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ရခိုင်ပြည်နယ်တောင်ပိုင်း အတွင်း တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်မှု အခြေအနေကို တင်ပြလိုပါတယ်။ ၂၀၀၉ ခုနှစ်တွင် သံတွဲ ခရိုင်နှင့် ကျောက်ဖြူခရိုင်တွင် အောင်မြင်သူ ၂၁၀၃ ဦးရှိပါတယ်။ ၂၀၁၀ ခုနှစ်တွင် ၂၈၂၉ ဦးရှိပါ တယ်။ ၂၀၁၁ ခုနှစ်တွင် ၂၄၇၀ ဦးရှိကြောင်းတင်ပြပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ တောင်ကုတ်မြို့ဟာ ပြည်မနဲ့ ရခိုင်ပြည်နယ်တို့၏ ဝင်ပေါက်၊ထွက်ပေါက် လမ်းဆုံဖြစ်ပါတယ်။ စီးပွားရေးအရလည်းကောင်း၊ လူမှုရေးအရလည်းကောင်း၊ လုံခြုံရေးအရလည်းကောင်း၊ လမ်းပန်း ဆက်သွယ်ရေးအရလည်းကောင်း အထူးကောင်းမွန်သောဒေသတစ်ခုဖြစ်ပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းမြို့များသို့လည်း ဖြတ်သန်းသွားလာရာတွင် ဗဟိုအချက်အခြာကျသော ဒေသလည်းဖြစ်ပါတယ်။ အကယ်၍သာ ရခိုင်ပြည်နယ်တောင်ပိုင်းအတွက် ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ် သို့မဟုတ် ဒေသကောလိပ်ဖွင့်လှစ်မည်ဆိုပါက တောင်ကုတ်ဒေသဖွံ့ဖြိုးရေးကော်မတီမှ ကျောင်း ဆောက်လုပ်ရန်အတွက်မြေဧက ၂၀၀ လှူဒါန်းမည်ဖြစ်ကြောင်းကိုလည်း သိရှိရပါတယ်။ ဒါကြောင့် မို့လို့ ရခိုင်ပြည်နယ်တောင်ပိုင်းမဲဆန္ဒရှင် ခုနစ်သိန်းကျော်၏ အကျိုး၊ နိုင်ငံ့အကျိုးကိုသယ်ပိုးနိုင်မည့် အရည်အချင်းပြည့်ဝသော လူသားအရင်း အမြစ်များပေါ်ထွက်လာရေးအတွက် မဖြစ်မနေဖွင့်လှစ် သင့်တဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့တွင် ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ် သို့မဟုတ် ဒေသ ကောလိပ်တစ်ခုအား ဖွင့်လှစ်ရန်အစီအစဉ်ရှိ၊မရှိသိရှိလိုပါတယ်။ အကယ်၍ ဖွင့်လှစ်မည်ဆိုပါက မည်သည့်ကာလတွင် စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း မေးမြန်းပါသည်။