(ဈ)-သထုံမြို့စိန်ကုန်း(အမက)နှင့် ကျောက်ကုန်း(အမက)မြေယာကိစ္စနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-23

သထုံမြို့နယ်၊ လိပ်အင်းရပ်ကွက် အတွင်းမှာရှိတဲ့ စိန်ကုန်းအမကကျောင်းနဲ့ ကျောက်ကုန်းအမကကျောင်း မြေနေရာကိစ္စများကိုသိရှိလို ကြောင်းမေးမြန်းဖို့ဖြစ်ပါတယ်။ လေးစားအပ်ပါသောဥက္ကဋ္ဌကြီးခင်ဗျား။ သထုံမြို့၊ လိပ်အင်းရပ်ကွက် မှာရှိတဲ့ စိန်ကုန်းအမကကို နိုင်ငံတော်အစိုးရက ၁၉၆၅ ခုနှစ်မှာ ဖွင့်လှစ်ခွင့်ပေးခဲ့တဲ့အတွက် ပြည်သူ လူထုမှ စုပေါင်းတည်ဆောက်ခဲ့ကြပါတယ်။ တည်ဆောက်စဉ်ကာလက ကျောင်းမြေနေရာ မရှိတဲ့ အတွက် စည်ပင်သာယာပိုင်မြေ အရပ်အခေါ် နွားတောင်ဝင်းအတွင်း၌ တည်ဆောက်ခဲ့ရပါတယ်။ ၎င်းမြေနေရာဟာဆိုရင် ယခင်က စည်းကမ်းမဲ့မွေးမြူထားတဲ့တိရစ္ဆာန်များအား ဖမ်းဆီး အရေးယူခဲ့တဲ့ မြေအဖြစ် အသုံးပြုခဲ့ပါတယ်။ ယခု၎င်းနေရာကို အသုံးမပြုခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကျော်ခဲ့ပြီး ဖြစ်ပါတယ်။ ယခုအခါမှာ ကျောင်းသားဦးရေ များပြားလာသည်နှင့်အမျှ ကျောင်းဆောင်တိုးချဲ့ ဆောက်လုပ်ခြင်း၊ ကျောင်းဝင်းလုံခြုံရေးအတွက် အခိုင်အမာကာရံလိုခြင်းကို ကျောင်းသား မိဘများနဲ့ အကျိုးဆောင်များက ပြုလုပ်လိုသော်လည်း မြေနေရာပိုင်ဆိုင်မှု မရှိတဲ့အတွက်ကြောင့်မို့လို့ မပိုင်ဝက်မွေးအဖြစ် မလုပ်ဝံ့ဘဲ ဖြစ်နေရပါတယ်။ နှစ်ကာလကြာရှည်စွာ အသုံးမပြုဘဲထားခဲ့တဲ့ မြေနေရာ၌ အသုံးချပြီး အများပြည်သူရင်သွေးကျောင်းသား၊ ကျောင်းသူများအတွက် အသုံးကျ နေပြီဖြစ်တဲ့ စိန်ကုန်းအမကကျောင်းမြေကို သက်ဆိုင်ရာဌာနမှ လွှဲပြောင်းပေးလို့ရ၊ မရ သိရှိလိုပါ တယ်။ တစ်ဆက်တည်းမှာပဲ အလားတူ သထုံမြို့၊ လိပ်အင်းရပ်ကွက် ကျောင်းကုန်းအမကနှင့် ဆက်စပ်လျက် စည်ပင်သာယာပိုင်မြေ ခန့်မှန်းတစ်ဧကခန့်သာ ယခင်က ဝက်သတ်လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာ မြို့နယ်သမဝါယမအသင်းက နေပြီးတော့ သားသတ်လိုင်စင်အား လွှဲပြောင်းလုပ်ကိုင်ခဲ့ပြီး ၎င်းသားသတ်လုပ်ငန်းဟာ ရပ်ကွက် အတွင်းမှာ ဖြစ်နေတဲ့အတွက်ကြောင့် ဘာသာရေးကိစ္စများကို အနှောင့်အယှက်ဖြစ်တဲ့အတွက် သထုံမြို့ပြင်ဘက်သို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့ပါတယ်။ ယနေ့အထိ ထိုမြေနေရာ ဒေသအခေါ် ဝက်ထောင်မြေအား မည်သည့်အသုံးချမှုမှမပြုလုပ်ဘဲ အလဟဿဖြစ်နေပါတယ်။ ကျောက်ကုန်း အမက ကျောင်းဆောင်များနဲ့ မြေကွက်လပ်မှာကွက်တိဖြစ်နေတဲ့အတွက် ကျောင်းသားဦးရေများပြား လာသည့်အတွက် အခက်အခဲတွေကြုံတွေ့နေရပါတယ်။ သို့ဖြစ်ပါ၍ စည်ပင်သာယာပိုင် ဝက်ထောင် မြေအား အသုံးမချဘဲ ကာလကြာရှည်စွာ ပစ်ထားမယ့်အစား အသုံးချမယ့် အမှန်တကယ် လိုအပ်နေတဲ့ ကျောက်ကုန်းအမကကျောင်းမြေအဖြစ် လွှဲပြောင်းပေးရန်ရ၊ မရ။ လွှဲပြောင်းပေးနိုင်ပါက မည်သည့်ကာလတွင် လွှဲပြောင်းပေးမည့်အကြောင်း၊ မပေးနိုင်ပါက အဘယ်ကြောင့်မပေးနိုင်သည်ကို ဥက္ကဋ္ဌကြီးမှတစ်ဆင့် သိရှိလိုပါကြောင်းမေးမြန်းပါသည်။