(ည)-ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် စပ်လျဉ်းသည့်မေးခွန်း
ကနေ့အချိန်အခါ ဟာမူလတန်းပညာကို အခမဲ့မသင်မနေရ ပြဋ္ဌာန်းဆောင်ရွက်နေတဲ့အချိန်ဖြစ်ပါတယ်။ အခုလို မူလတန်းပညာကို အခမဲ့မသင်မနေရဆောင်ရွက်နေတဲ့အချိန်မှာ ကလေးသူငယ်များ မူလတန်းပညာ တတ်မြောက်ဖို့အတွက် အခြေခံပညာမူလတန်းကျောင်းမရှိတဲ့ ကျေးရွာတွေမှာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများဖွင့်လှစ်ပြီး သင်ကြားလျက်ရှိကြပါတယ်။ အခြေခံပညာမူလတန်းကျောင်း ရှိပေမယ့်လည်း ဆင်းရဲချို့တဲ့တဲ့ကလေးသူငယ်များ ပညာသင်ကြားနိုင်ရေးအတွက် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများကိုလည်း ဖွင့်လှစ်သင်ကြားလျက်ရှိကြပါတယ်။ သင်ကြားတဲ့နေရာမှာလည်း ပဲမူလတန်းပညာအဆင့်သာမက မူလွန်ကျောင်းအဆင့်ထိ ဖွင့်လှစ်ပြီး သင်ကြားလျက်ရှိတာကိုတွေ့ရှိ ရပါတယ်။ လေးစားအပ်ပါသောဥက္ကဋ္ဌကြီးခင်ဗျား။ အချို့သော ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တွေမှာကျောင်းသားဦးရေဟာ ၁၀၀ ကျော်အထိ သင်ကြားပို့ချလျက်ရှိတာကို တွေ့ရှိရပါတယ်။ ကျောင်းသားဦးရေများပြားတဲ့အတွက် ဥပဓိရုပ်ကောင်းတဲ့ ကျောင်းဆောင်များရှိသော်လည်း ဆရာ၊ ဆရာမများကို ထောက်ပံ့မှုပေးပြီးသင်ကြားနေကြရတာကိုလည်း တွေ့ရှိရပါတယ်။ ဆင်းရဲချို့တဲ့တဲ့ ကလေးများဖြစ်လို့ ဗလာစာအုပ်၊ ခဲတံ၊ ပေတံစတဲ့ စာရေးကိရိယာများထောက်ပံ့ပေးတဲ့အပြင် စာသင်ခုံပရိဘောဂများကိုလည်း ဒကာ၊ ဒကာမများအကူအညီနဲ့ အလှူခံပြီး ကလေးသူငယ်များ ပညာတတ်မြောက်ရေးကို အလေးထားသင်ကြားပေးနေကြတာကို လေ့လာတွေ့ရှိရပါတယ်။ အခု ကျင်းပနေတဲ့ ပထမကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးရဲ့ စနေ၊ တနင်္ဂနွေနားရက်မှာ ကျွန်တော်တို့ ကသာခရိုင်မှ လွှတ်တော်ကိုယ်စားလှယ်တွေ သပြေကုန်းဈေးရောက်စဉ်မှာ ကားတစ်စီး ပေါ်မှာ အသံချဲ့စက်တင် ဆော်သြပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသူ၊ ကျောင်းသား များအား ထောက်ပံ့ဖို့အလှူခံနေတဲ့အဖွဲ့တွေနဲ့တွေ့တဲ့အတွက် အလှူငွေများထည့်ဝင်သမှုပြုခဲ့ကြပါ သေးတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကနေ့အချိန် အခါမှာ အချို့သော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများဟာ ပညာသင်နှစ်ကြာလာတာနဲ့အမျှ စာရေး ကိရိယာ၊ ပရိဘောဂ စာသင်ခုံနဲ့ ထောက်ပံ့ပေးရတဲ့ ဆရာ၊ ဆရာမများအတွက် အခက်အခဲများ တွေ့ကြုံနေရခြင်း၊ ပညာရေးဌာနကလေ့ကျင့် ပေးထားတဲ့ ဆရာ၊ဆရာမများနဲ့ မိမိရဲ့သားတပည့်တွေကို သင်ယူစေလိုခြင်းတို့ကြောင့် ပညာရေးဌာနကို လွှဲအပ်ပေးဖို့ဆန္ဒရှိကြပါတယ်။ အကယ်၍ လွှဲအပ်ပေး မယ်ဆိုရင် လက်ရှိသင်ကြားနေတဲ့ ကျောင်းအဆင့်နဲ့လက်ခံနိုင်မယ့် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါတယ်။ လက်ခံနိုင်မယ့်အစီအစဉ်မရှိဘူးဆိုပါက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ဆက်လက်ရပ် တည်နိုင်ဖို့အတွက် ကျောင်းသားအရေအတွက်ပေါ်မူတည်ပြီး ထောက်ပံ့မှုများပေးနိုင်မယ့် အစီအစဉ် ရှိ၊မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။