(ဂ)-မြို့သစ်မြို့နယ်ခွဲ ယာနိုးကျေးရွာရှိ ယူးချောင်း ချောင်းကူးတံတားအားဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည်‌့မေးခွန်း

2020-12-23

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ တမူးခရိုင်မှာပါဝင်တဲ့ ခမ်းမမြို့နယ်ခွဲ၊ မြို့သစ် မြို့နယ်ခွဲနှင့် တမူးမြို့နယ်တို့ဟာ တစ်ဖက်အိန္ဒိယနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်လျက်ရှိကြပါတယ်။ အဆိုပါနယ်နိမိတ်ချင်းထိစပ်နေတဲ့ ကျေးရွာများဟာ မိမိတို့နိုင်ငံရဲ့နယ်နိမိတ်များကို အကာအကွယ် ပေးနေတဲ့ စောင့်ရှောက်ပေးနေတဲ့ကျေးရွာများ တစ်နည်းအားဖြင့် လူသားတံတိုင်းအတားအဆီးများ ဖြစ်ကြပါတယ်။ အဆိုပါဒေသများကို စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေ ရရှိရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ပေးမှသာလျှင် အဲ့ဒီဒေသက ပြည်သူ များဟာ ဒီဒေသမှာဆက်လက်နေထိုင်နိုင်ကြမှာဖြစ်ပြီးတော့မှ အဲ့သလိုမဆောင်ရွက်ပေးနိုင်ဘူးဆိုရင် မြို့နဲ့နီးစပ်ရာဒေသများသို့ ပြောင်းရွှေ့နေထိုင်လာသူများအဖြစ် မိမိတို့နိုင်ငံရဲ့နယ်မြေလုံခြုံရေးကို စောင့်ရှောက်နေတဲ့ အားနည်းချက်များတဖြည်းဖြည်းဖြစ်ပေါ်လာမှာဖြစ်ပါတယ်။

 မြို့သစ်မြို့နယ်ခွဲမှ ယာနိုးကျေးရွာ ဟာ နယ်စပ်မျဉ်းနှင့်နီးစပ်နေပြီး ချင်းတိုင်းရင်းသားများသာ နေထိုင်ကြတဲ့ ကျေးရွာဖြစ်ပါတယ်။ အဆိုပါကျေးရွာဟာ မြို့သစ်မြို့နယ်ခွဲမှ မိုင်ခန့်သာဝေးပြီးတော့မှ အဲ့ဒီကြားထဲမှာ ယူးချောင်းလို့ ခေါ်တဲ့ ယူးမြစ်ထဲကို စီးဆင်းသွားတဲ့ နန့်အယားချောင်းဆိုတာရှိပါတယ်။ ယာနိုးကျေးရွာဟာ အိမ်ခြေ ကလည်းနည်း၊ လူဦးရေကလည်း နည်းပါးတဲ့အတွက် ကျောင်းသားဦးရေကလည်း နည်းပါတယ်။ ဘယ်လိုမှ ကျောင်းသားဦးရေအရ မူလတန်းမဖြစ်နိုင်တဲ့ ကျေးရွာလည်းဖြစ်ပါတယ်။ သို့သော်လည်းပဲ နိုင်ငံတော်အကြီးအကဲများရဲ့ စေတနာကြောင့် ယခင်က အထက်ကဘော်ဒေသဖွံ့ဖြိုးရေးစီမံကိန်းအရ မူလတန်းကျောင်းရရှိခဲ့ပါတယ်။ အဲ့ဒီဒေသမှ ကျေးရွာသူကျေးရွာသားများဟာ မြို့သစ်မြို့နယ်ခွဲနှင့် တမူးမြို့သို့လည်းကောင်း အဲ့ဒီဒေသက အလယ်တန်းနှင့် အထက်တန်းတက်ကြမယ့် ကျောင်းသား ကျောင်းသူများဟာ အဆိုပါ ချောင်းကိုဖြတ်ပြီးတော့မှ မြို့သစ်မြို့နယ်ခွဲကျောင်းကို နေ့စဉ်ကျောင်း တက်နေကြတာဖြစ်ပါတယ်။

ဆောင်းရာသီနှင့် နွေရာသီကာလ များမှာ ချောင်းကိုဖြတ်ကူးပြီး သွားနိုင်ကြသော်လည်းပဲ မိုးတွင်းကာလမှာတော့ ကူးတို့လှေဖြင့်သာ ဖြတ်ကူး သွားလာနိုင်ကြပါတယ်။ မိုးများရင်တော့ သွားလာ၍မဖြစ်နိုင်ဘဲ သွားလာရေးများ ပြတ်တောက် သွားတတ်ပါတယ်။ တစ်ခါတစ်ရံ လှေများမှောက်ပြီး ပြည်သူများနှင့် ကျောင်းသူ ကျောင်းသားများလည်းပဲ ဒုက္ခရောက်ကြောင်းသိရှိရပါတယ်။ ဒေသခံပြည်သူများကလည်းပဲ အဆိုပါ ချောင်းကိုဖြတ်ကူးမည့် တံတား စင်းတည်ဆောက်ပေးစေလိုတဲ့ ဆန္ဒများရှိနေကြပါတယ်။ ဒေသခံ တိုင်းရင်းသားများကလည်း ကိုယ်ထူကိုယ်ထဆောက်ခဲ့ဖူးကြောင်းနှင့် ရေကြီးမှုကြောင့် ရေထဲမျောပါခဲ့ ပြီး နောက်ထပ် ထပ်မံမတည်ဆောက်နိုင်တော့ကြောင်း သိရပါတယ်။ အဆိုပါတံတားအား ခိုင်ခိုင်ခံံ့ခံ့ တည်ဆောက်ပေးမည်ဆိုပါက ဒေသခံပြည်သူများအနေဖြင့် များစွာဝမ်းသာပြီး နိုင်ငံတော်အပေါ် ကျေးဇူးတင်မဆုံး ရှိနေကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒေသခံတိုင်းရင်းသားများရဲ့ကိုယ်စား အောက်ပါ မေးခွန်းအား မေးမြန်းအပ်ပါတယ်။ မြို့သစ်မြို့နယ်ခွဲ ယာနိုးကျေးရွာ ချောင်းကူးတံတားအား ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ။ ရှိပါက မည်သည့်အချိန်တွင် မည်သို့စီစဉ်ဆောင်ရွက် ပေးမည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။