(ဃ)-မန္တလေး-တကောင်း-ကသာ-ဗန်းမော် လမ်းမကြီးနှင့်ပတ်သက်၍ ကတ္တရာခင်းခြင်း အစီအစဉ်နှင့် စပ်လျဉ်းသည့်မေးခွန်း
မန္တလေး-တကောင်း-ကသာ-ဗန်းမော် လမ်းမကြီးနှင့် ပတ်သက်ပြီး ကတ္တရာလမ်းခင်းရေးကိစ္စမှာ BOT စနစ်နဲ့ဆောင်ရွက်နေကြတဲ့ လမ်းအပိုင်းဆိုင်ရာ အလိုက် သက်ဆိုင်ရာကုမ္ပဏီများကို တွန်းအားပေးကြီးကြပ်ရေးအတွက် ပထမအကြိမ် ပြည်သူ့ လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ တင်ပြခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါတင်ပြချက်နဲ့ပတ်သက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆောင်ရွက်ပေးမယ့် အစီအစဉ်များကို ဖြေကြား ခဲ့ပြီးဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ တင်ပြချက်ဟာ အချိန်ကာလအားဖြင့် တစ်နှစ်ကျော်ခဲ့ပြီးဖြစ်ပါ တယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် စာချုပ်ချုပ်ဆိုပြီး ဆောင်ရွက်နေကြတဲ့ ကုမ္ပဏီများဟာ ငွေကိုသာကောက်ခံလျက်ရှိပြီး လမ်းအပိုင်းတာဝန်ယူဆောက်ရွက်မှု အားနည်းနေကြောင်း တွေ့ရှိရ ပါတယ်။ လက်ရှိအခြေအနေကို တင်ပြရမယ်ဆိုရင် သပိတ်ကျင်းလမ်းဆုံမှ တကောင်းလမ်းဆုံအတွင်း တံတား ၇ စင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဆောက်လုပ်ရေးအထူးအဖွဲ့ (၂)၊ အဖွဲ့(၄) တို့က ဆောင်ရွက်နေကြောင်း တွေ့ရှိရပါတယ်။ ကွန်ကရစ်တံတားများ တည်ဆောက်ပေးမည်ကို သိရတဲ့ အတွက် ကြိုဆိုပါကြောင်းနဲ့ အထူးကျေးဇူးတင်ရှိပါကြောင်း မိဘပြည်သူများကိုယ်စား တင်ပြလိုပါ တယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ မန္တလေး-တကောင်း-ကသာ-ဗန်းမော် လမ်းအပိုင်းနှင့် ပတ်သက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန အထူးလုပ်ငန်းအဖွဲ့များမှ ဆောင်ရွက်နေတဲ့အတွက် ယခင် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် စာချုပ်ချုပ်ဆိုပြီး လုပ်ကိုင်နေကြတဲ့ BOT စနစ်နှင့် ကုမ္ပဏီများကို တာဝန်ပေးခြင်း၊ မပေးခြင်းကိုလည်း သိရှိလိုပါတယ်။ လမ်းအပိုင်းနှင့်ပတ်သက်ပြီး ကုမ္ပဏီ ၃ ခု ကတော့ ငွေကောက်ခံနေဆဲဖြစ်တာကို တွေ့ရှိရပါတယ်။ ၎င်းကုမ္ပဏီများအနေနဲ့ ငွေကို ကောက်ခံ နေပေမယ့် လမ်းအပေါ်တာဝန်ယူမှု၊ ဆောင်ရွက်နေမှု အားနည်းနေတာကတော့ အမှန်ပဲဖြစ်ကြောင်း တင်ပြလိုပါတယ်။ ဒေသခံမိဘ ပြည်သူများကတော့ ဝန်ကြီးဌာနက တာဝန်ယူမယ်ဆိုရင်လည်း ယူပေး ပါ။ ကုမ္ပဏီများ တာဝန်ယူမယ်ဆိုရင်လည်း ယူပေးပါ။ အထူးသဖြင့် ဒီလမ်းမကြီးကို အမြန်ပြီးစေချင်တဲ့ ဆန္ဒပဲဖြစ်ပါတယ်။ သို့ပါ၍ ကျွန်တော်မေးမြန်းတင်ပြလိုတဲ့အချက်ကတော့ သပိတ်ကျင်းလမ်းဆုံမှ မြတောင်လမ်းဆုံအထိ ကတ္တရာခင်းခြင်းလုပ်ငန်းများကို မည်သို့သော အစီအမံများဖြင့် ဆက်လက် ဆောင်ရွက်မည်ကို သိရှိလိုပါတယ်။ ထပ်မံတင်ပြလိုသည်မှာ မြတောင်လမ်းဆုံမှ ဗန်းမော်လမ်းအပိုင်း ကိုလည်း ဆောက်လုပ်ရေးအထူးအဖွဲ့(၂) က တာဝန်ယူ ဆောင်ရွက်မယ်လို့သိရပါတယ်။ အဲ့ဒီကိစ္စ မှန်ကန်တယ်ဆိုပါက ဆောင်ရွက်မယ့် အစီအစဉ်များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။