(ခ)-ဆေးဘက်ဆိုင်ရာတက္ကသိုလ်များနှင်‌့ ကျောင်းများတွင် ဆေးပညာကျင့်ဝတ် Medical Professionalism ဘာသာရပ်အား တိုးချဲ့သင်ကြားပေးရန်အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-23

ဗိုလ်မှူးမြတ်မိုး(တပ်မတော်သားကိုယ်စားလှယ်)

ခေတ်အဆက်ဆက် ဆေးကုသမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများမှာ ဆရာဝန်နှင့် လူနာဆက်ဆံရေးများဟာ သိမ်မွေ့စွာရှိခဲ့ပြီးမှ ယနေ့ခေတ်ကာလမှာတော့ ဆရာဝန်၊ လူနာဆက်ဆံရေးရဲ့အချို့သော အစိတ် အပိုင်းများမှာ အမြင်သဘောထားပြောင်းလဲမှုများနှင့်အတူ ဆေးကုသမှုနယ်ပယ်မှာ ကြိုတင်မခန့်မှန်း နိုင်တဲ့ စိန်ခေါ်မှုများစွာကြုံတွေ့ရင်ဆိုင်နေရတယ်လို့ ထင်မြင်ယူဆပါတယ်။ ဆရာဝန်နှင့် လူနာကြား ဆက်ဆံရေးများစွာပြောင်းလဲမှုများရှိလာနေခြင်းနှင့်အတူ ဆေးကုသမှုနယ်ပယ်ရဲ့ စိန်ခေါ်မှုများဟာ မည်သည့်အချက်တွေပေါ်မှာ အခြေခံပြီးဖြစ်ပေါ်လာသလဲလို့ ပြန်လည်ဆန်းစစ် ကြည်‌့လို့ရှိရင် တစ်ဦးချင်းစီရဲ့လိုအပ်ချက်များ များပြားလာခြင်း၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်များ မတူညီတော့ခြင်း၊ ၎င်းလိုအပ်ချက်တွေ မတူညီမှုများကို ပြည့်မီအောင်ဖြည့်ဆည်းပေးနိုင်မည့် အရင်းအမြစ်များရရှိမှုမှာ တော့ အကန့်အသတ်များရှိလာခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ရဲ့ အချို့သောကဏ္ဍများမှာ အားကောင်းရှင်သန်လာနေတဲ့ ဈေးကွက်စီးပွားရေးစနစ်ရဲ့ ဖိအားများအပေါ် ပိုမိုမှီခိုလာနေရခြင်း၊ အချို့သောဆေးကုသသူများအနေဖြင့်လည်း လူနာ၏အကျိုးစီးပွားကိုသာ အစဉ်ဦးထိပ်ထားပါမည် ဆိုသော ရှေးအစဉ်အဆက်လိုက်နာခဲ့တဲ့ကတိသစ္စာကို သွေဖည်ကျောခိုင်းသလိုဖြစ်လာခြင်းစတဲ့ အချက်များဟာ အကြောင်းအရင်းများဖြစ်တယ်လို့ ယူဆမိပါတယ်။ ထို့ကြောင့် ဆေးကုသမှုပဋိညာဉ် စာတမ်းရဲ့ မူလကတည်းကတည်ရှိပြီးဖြစ်တဲ့ အခြေခံလမ်းညွှန်မူဝါဒများနှင့် တိကျတဲ့ Professionalism တာဝန်ဝတ္တရားများ၊ ကတိသစ္စာများကို ဆေးလောကတစ်ရပ်လုံး နားလည်သဘောပေါက်နိုင်စေရန် အတွက်လည်းကောင်း၊ ဆေးဘက်ဆိုင်ရာပညာရှင်များရဲ့ အရည်အသွေးတိုးတက် မြင့်မားလာပြီး Medical Ethics တစ်ခုရဲ့ ဂုဏ်ဒြပ်ကြီးမားရန်အတွက်လည်းကောင်း၊ နှစ်ဦးနှစ်ဖက်မေတ္တာစေတနာ အပြန်အလှန်ထားပြီးတော့မှ အပြုသဘောဆောင်တဲ့ဆရာဝန်နှင့် လူနာကြားဆက်ဆံရေးကို ပြန်လည် တည်ဆောက်နိုင်ရန်အတွက်လည်းကောင်း ဆေးပညာကျင်‌့ဝတ် ဘာသာရပ်ကို စီမံကိန်းချမှတ်တိုးချဲ့ သင်ကြားရန်လိုအပ်မယ်လို့ ထင်မြင်ယူဆမိပါတယ်။ ထို့ကြောင့် ကျွန်တော်မေးမြန်းလိုတဲ့ မေးခွန်း ကတော့ ဆေးကုသမှုဆိုင်ရာအသက်မွေးမှုတစ်ရပ်လုံးကို ဘောင်ကွပ်သွတ်သွင်းပေးမယ့်စံနှုန်းများ၊ တန်ဖိုးများ၊ မူဝါဒများနှင့် တင်းကြပ်တဲ့ကျင့်ဝတ်စည်းကမ်းများကို မိတ်ဆက်ပေးမယ့် ဆေးပညာ ကျင့်ဝတ်ဘာသာရပ်ကို ဆေးတက္ကသိုလ်များ၊ သူနာပြုတက္ကသိုလ်များ၊ ဆေးဝါးတက္ကသိုလ်များ၊ ဆေးဘက်ဆိုင်ရာနည်းပညာကျောင်းများမှာ တိုးချဲ့ဘာသာရပ်တစ်ခုအနေဖြင့် သင်ကြားပို့ချပေးရန် အစီအစဉ်ရှိ၊ မရှိ။ ပုံမှန်သင်ကြားနေပါကလည်း ပုံမှန်တိုးမြှင့်သင်ကြားပေးရန် အစီအစဉ်ရှိ၊ မရှိ။ ၎င်းဘာသာရပ်နှင့်ပတ်သက်ပြီး သင်ကြားတတ်မြောက်မှုကို မည်သို့ဆန်းစစ် အကဲဖြတ်ရန်အစီအစဉ်ရှိ၊ မရှိတို့အားသိရှိလိုပါကြောင်း မေးမြန်းပါသည်။