(ဃ)-မီးသတ်ယာဉ်များ၊ မီးသတ်ရေကန်များနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-23

ပြည်ထောင်စုမြန်မာနိုင်ငံတော်မီးသတ် တပ်ဖွဲ့ဟာ ပြည်သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးမှာ အရေးပါတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ မီးလောင်ကျွမ်းလျှင်လည်းမီးငြိမ်းသတ်ရာမှာ အားကြိုးမာန်တက်အသက်စွန့်ပြီးတော့ မီးသတ်တပ်ဖွဲ့ များဟာ ငြိမ်းသတ်တာကိုတွေ့ရသလို သဘာဝဘေးအန္တရာယ်များဖြစ်ကြတဲ့ ရေကြီး၊ တစ်ခါ      လေမုန်တိုင်းတိုက်၊ ငလျင်လှုပ်ရင်လည်းမီးသတ်တပ်ဖွဲ့များ အစဉ်အမြဲဝင်ရောက်ကူညီနေတာကိုလည်း တွေ့ရှိ ရပါတယ်။ ဒါကြောင့် လူသားတို့ရဲ့ဘေးအန္တရာယ်ကြုံတိုင်း မီးသတ်တပ်ဖွဲ့ဟာ မရှိမဖြစ် လိုအပ်သော အဖွဲ့အစည်းဖြစ်တယ်ဆိုတာ အလေးအနက်ပြောကြားလိုပါတယ်။ တစ်နည်းအားဖြင့် ပြည်သူများ အားကိုးအားထားပြုကြတဲ့ အဖွဲ့အစည်းဆိုရင်လည်းမမှားပါဘူး။ ထိုကဲ့သို့သော အန္တရာယ် များမှာ မီးလောင်မှုအန္တရာယ်ဟာ အများဆုံးသောအန္တရာယ်ကြီးဖြစ်ကြောင်းတွေ့ရှိရပါတယ်။ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုအခါ မြန်မာနိုင်ငံမြို့ကြီးများဖြစ်တဲ့ ရန်ကုန်မြို့နှင့် မန္တလေးမြို့များမှာ အထပ်မြင့်အဆောက်အအုံများဟာ အလွန်များပြားလာတာကိုတွေ့ရပါတယ်။ ၁၉၉၀ ခုနှစ် မတိုင်ခင် တုန်းက လေးထပ်အဆောက်အဦဟာအမြင့်ဆုံးဖြစ်ပေမယ်လို့ ယခုအချိန်မှာ လေး ထပ်အဆောက်အဦ ဟာ အနိမ့်ဆုံးအဆောက်အဦအဖြစ်ရောက်ရှိသွားပါပြီ။ လွန်ခဲ့သောတစ်နှစ်ကျော်က မန္တလေးမြို့တွင် မီးလောင်သောဈေးကြီးမှာ အထပ်မြင့်သောဈေးကြီးဖြစ်ပါတယ်။ ထို့အတူ ယမန်နှစ်က ရန်ကုန်မြို့တွင် လောင်ကျွမ်းသော မီးလောင်မှုမှာလည်း အထပ်မြင့်သော၊ အလွန်ကြီးသောဈေးကြီးဖြစ်ပါ၍ ဆုံးရှုံးမှု တန်ဖိုးအလွန်များပြားခဲ့ပါတယ်။ လူနေအထပ်မြင့်အဆောက်အဦများကို မီးလောင်မည်ဆိုရင်တော့ ထွက်ပေါက်များထွက်ရန်ခက်ခဲပြီး အသက်ဆုံးရှုံးသည်အထိဖြစ်ရပ်များ ရှိခဲ့သည်ကိုလည်းတွေ့ရှိရ ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်‌ဗျား။ ထိုကဲ့သို့ မီးလောင်မှုများဖြစ်၍ မီးငြိမ်းသတ်ရာတွင် အချက် ၃ ချက်သည် အရေးကြီးတယ်ဟု ကျွန်တော့်အနေနဲ့ယူဆပါတယ်။ တစ်အချက်ကတော့ ခေတ်မီ သောမီးသတ်ယာဉ်များရှိရပါမယ်။ နောက်တစ်ချက်ကတော့ ကျွမ်းကျင်သောမီးသတ်ရဲဘော်များ ရှိရပါမယ်။ နောက်အရေးကြီးဆုံးအချက်ကတော့ ရေအလုံအလောက်ရှိဖို့ပဲဖြစ်ပါတယ်။ မီးသတ်ကား နဲ့ မီးသတ်ရဲဘော်များရှိနေသော်လည်း ရေအလုံအလောက်မရှိပါက မီးငြိမ်းသတ်ရန်အခက်အခဲ များစွာဖြစ်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ အောက်ပါမေးခွန်းများကို မေးမြန်းမှာဖြစ်ပါ တယ်။ အထပ်မြင့်တိုက်ခန်းများကို မီးငြိမ်းသတ်နိုင်သော ခေတ်မီသောအထူးမီးသတ်ယာဉ်ကြီးများ အလုံအလောက် ရှိ၊ မရှိ သိလိုပါတယ်ခင်ဗျား။ မီးသတ်သင်တန်းကျောင်းမှ ကျွမ်းကျင်သော မီးသတ်သမားများ နှစ်စဉ်အလုံအလောက် မွေးထုတ်ပေးနိုင်ခြင်း ရှိ၊ မရှိ သိလိုပါတယ်ခင်ဗျား။ မီးလောင်မှုဖြစ်နေလျှင် အမြန်ဆုံးရေသယ်ယူနိုင်ရန်အတွက် ရန်ကုန်မြို့ရဲ့လမ်းမကြီးများဖြစ်တဲ့ ကမ်းနားလမ်း၊ ကုန်သည်လမ်း၊ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးများတစ်လျှောက် ယခင်ကရှိခဲ့ဖူးသော အလွယ်တကူရေစုပ်ယူနိုင်သော မီးသတ်ပိုက်ခေါင်း များ ပြန်လည်တပ်ဆင်ရန်အစီအစဉ် ရှိ၊ မရှိ နဲ့ မီးသတ်ယာဉ်များ အလွယ်တကူရေစုပ်ယူနိုင်ရန် အတွက် အင်းလျားကန်၊ ကန်တော်ကြီးစသော ရေကန်ကြီးများ၏ ကန်ပတ်လမ်းများတွင် မီးသတ်ကား များ အလွယ်တကူရေစုပ်နိုင်ရန် သီးခြားလုပ်ဆောင်ရန် အစီအစဉ် ရှိ၊ မရှိနဲ့ ရပ်ကွက်များတွင် ဂါလန် ၅၀၀၀ မှ ဂါလန် ၁၀၀၀၀ အထိ ရေထည့်နိုင်သော အုတ်ရေကန်များ တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းပါသည်။