(ဂ)-တရုတ်နိုင်ငံမှ ဧည့်သည်တော်များ ဂျယ်ခေါင်ဝင်ပေါက်မှ ရန်ကုန်-မန္တလေးမြို့များသို့ လည်ပတ်ခွင့်ပြုရန်နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-23

ဒေါက်တာစိုင်းကျော်အုန်း( နမ့်ခမ်းမဲဆန္ဒနယ်)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်၊ ရွှေလီမြို့၊ ဂျယ်ခေါင်ဝင်ပေါက်ကနေ ပြီးတော့ တရုတ်ခရီးသွားဧည့်သည်များဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြောက်ပိုင်း ရှမ်းပြည်မှာရှိတဲ့ မူဆယ်မြို့နဲ့ နမ့်ခမ်းမြို့တို့ကို နေ့ချင်းပြန်ခရီးစဉ်များအနေဖြင့် လာရောက်လည်ပတ် ကြပါတယ်။ ၎င်းနေ့ချင်းပြန်ခရီးစဉ်ဟာ ၁၉၉၂ ခုနှစ်ကစပြီးတော့  ၁၆-၉-၂၀၀၉ ရက်နေ့ထိ ၁၇ နှစ် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ခရီးသွားဧည့်သည်တစ်ယောက်အတွက် နိုင်ငံတော်ကကောက်ခံရရှိတဲ့ငွေ များမှာ လူဝင်မှုကြီးကြပ်ရေးဌာနအတွက် တစ်ယောက်ကို ယွမ်ငွေ ၅၀၀၊ မြန်မာငွေ ကျပ် ၈၀၀၀ ခန့်ရရှိခဲ့ပါတယ်။ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနအတွက် တစ်ယောက်ကို ၂၀၀၈ ခုနှစ်၊ ဇန်နဝါရီလအထိ တရုတ်ယွမ်ငွေ ၃၀၀၊ မြန်မာငွေကျပ် ၅၅၀၀ ခန့်ရရှိခဲ့ပြီး ၂၀၀၈ ခုနှစ်၊ ဖေဖေါ်ဝါရီလကစပြီးတော့ တစ်ယောက်ကိုမြန်မာငွေကျပ် ၁၀၀၀ သို့တိုးမြှင့်ကောက်ခံခဲ့ပါတယ်။ နိုင်ငံတော်အတွက် ကောက်ခံရရှိတဲ့ငွေများကို ဘဏ္ဍာရေးနှစ်အလိုက် နမူနာအနေနဲ့ နှစ်အနည်းငယ် ဖော်ပြရမယ်ဆိုရင် ၂၀၀၅-၂၀၀၆ ဘဏ္ဍာရေးနှစ်မှာဧည့်သည် ၄၅၀၈၈ ယောက်လာရောက်ခဲ့ပြီးတော့ နိုင်ငံတော်ရဲ့ ဝင်ငွေမှာ တရုတ်ယွမ်ငွေစုစုပေါင်း ၃၆၀၇၀၄ ယွမ်ဖြစ်တဲ့အတွက်  မြန်မာငွေကျပ် သိန်းပေါင်း ၆၀၀ ခန့်ရရှိခဲ့ပါတယ်။ ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ်မှာ ဧည့်သည် ၄၄၈၈၃ ယောက် လာခဲ့ပြီး နိုင်ငံတော်ရဲ့ဝင်ငွေမှာ တရုတ်ငွေစုစုပေါင်း ၃၅၄၀၆၄ ယွမ်ဖြစ်တဲ့အတွက်  မြန်မာငွေ ကျပ်သိန်းပေါင်း ၅၉၈ သိန်းရရှိခဲ့ပါတယ်။ ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ်မှာလည်း ဧည့်သည် ၅၇၀၀၈ ယောက်လာခဲ့ပြီး နိုင်ငံတော်ရဲ့ဝင်ငွေမှာ တရုတ်ယွမ်ငွေစုစုပေါင်း ၄၁၁၀၄၉ ယွမ် မြန်မာငွေအနေနဲ့မြန်မာငွေ ၁၁၂၅၃၇၅၀ ရရှိခဲ့အတွက် စုစုပေါင်းမြန်မာငွေကျပ်သိန်းပေါင်း ၇၉၇ သိန်းခန့် ရရှိခဲ့ပါတယ်။ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်မှာ ဧည့်သည် ၈၂၁၈၅ ယောက်လာခဲ့ပြီး နိုင်ငံတော်ရဲ့ဝင်ငွေမှာ မြန်မာကျပ်ငွေသိန်းပေါင်း ၁၃၁၁ သိန်းခန့်ရရှိခဲ့ပါတယ်။ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်မှာ စက်တင်ဘာလ ၁၆ ရက်အထိ ဧည့်သည် ၄၁၃၁၂ ယောက်လာရောက်ခဲ့ပြီးတော့  နိုင်ငံတော်ရဲ့ ဝင်ငွေမှာ ကျပ်သိန်းပေါင်း ၇၅၀ သိန်းခန့်ဖြစ်ပါတယ်။ အထက်ဖော်ပြပါ နိုင်ငံတော်မှ ကောက်ခံရရှိတဲ့ဝင်ငွေများကိုထောက်ရှုခြင်းအားဖြင့် နေ့ချင်းပြန်ခရီးစဉ်ဟာ နိုင်ငံတော်အတွက် ဝင်ငွေအတော်အသင့်ရရှိခဲ့တာကိုတွေ့မြင်ရပါတယ်။ သို့ပါသော်လည်း ၁၇-၉-၂၀၀၉ ရက်နေ့ကစပြီး တော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်၊ ရွှေလီမြို့မှာရှိတဲ့ ပြည်သူ့ရဲစခန်းကနေပြီးတော့ Border Pass နယ်နိမိတ်ဖြတ်သန်းခွင့်စာအုပ်ကုန်ဆုံးတဲ့ အကြောင်းပြချက်ဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတော်မှ နေ့ချင်းပြန်ခရီးသွားဧည့်သည်များ မူဆယ်နဲ့နမ့်ခမ်းမြို့များသို့ လှည့်လည် လေ့လာရေးခရီး မလာရောက်နိုင်ခဲ့သည်မှာ ယနေ့အထိ ၂ နှစ်တောင် ကျော်ခဲ့ပြီဖြစ်ပါတယ်။ ဒီ့အတွက်ကြောင့် ပထမမေးခွန်းအနေနဲ့ ကျွန်တော်တို့နိုင်ငံတော်ရဲ့ သက်ဆိုင်ရာပြည်ထောင်စု ဝန်ကြီးဌာနမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်ရဲ့ ဧည့်ကြိုနှင့်ခရီးသွားဝန်ကြီးဌာနဝန်ကြီးနဲ့ နေ့ချင်းပြန်ခရီးစဉ်အတွက် ဆွေးနွေးတိုင်ပင်အဖြေရှာဖို့ တိုက်တွန်းလိုပါတယ်။ ဤတိုက်တွန်းချက်ကို အကောင်အထည်ဖော်ရန်အစီအစဉ် ရှိ၊ မရှိ သိလိုပါတယ်။ဥက္ကဋ္ဌကြီးခင်ဗျား။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မန္တလေး၊ ရန်ကုန်သို့လာရောက်လည်ပတ်ခဲ့တဲ့ ခရီးဝေးခရီးစဉ် ၂၁ ရက်အတွက် မူဆယ်မြို့ ကျယ်ခေါင်ဝင်ပေါက်ကနေပြီးတော့ဝင်ရောက်ရာမှာ Passport ၊ Visa ရရှိနိုင်ဖို့ ၁၇-၇-၂၀၀၉ ရက်နေ့ကစပြီးတော့ ယနေ့အထိ၊  ယခင် ကက(ကြည်း) ယခု ပြည်ထောင်စုအစိုးရအဖွဲ့ရုံးရဲ့ ခွင့်ပြုချက်ရယူရာမှာ ရက်သတ္တတစ်ပတ်အချိန်ကြာခဲ့တာကိုမစောင့်နိုင်ကြတဲ့အတွက် လာရောက် လည်ပတ်မယ့် တရုတ်ဧည့်သည်တော်များ တော်တော့်ကိုလျော့နည်းသွားပြီး နိုင်ငံတော်အတွက်လည်း များစွာနစ်နာခဲ့ရပါတယ်။ ဒါကြောင့် ဒုတိယမေးခွန်းအနေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ခရီးဝေးဧည့်သည်များ မူဆယ်မြို့၊ ကျယ်ခေါင်ဝင်ပေါက်မှဝင်ရောက်ရာတွင် လွယ်ကူချောမွေ့ပြီး ဧည့်သည်တော်များများလာရောက်လည်ပတ်စေရန် ယခင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးခွင့်ပြုချက်များ လျော့ပေါ့ပေးကာ ၂၀၀၆ ခုနှစ်၊ အစောပိုင်းကာလများအတိုင်း Entry Permit Passport တို့ဖြင့် မန္တလေး၊ ရန်ကုန်မြို့များအထိသွားလာလည်ပတ်ခွင့်ပြုနိုင်ပါရန် အစီအစဉ် ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။