(ခ)-တာဆန်းရေကာတာနှင့် ထိုင်းနိုင်ငံမဲခေါင်လျှပ်စစ်လိုင်း တည်ဆောက်မှုနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-23

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်အကြား တာဆန်း တံတား၊ တာဆန်းကျေးရွာမြောက်ဘက် သံလွင်မြစ်ပေါ်မှာ တာဆန်းရေအားလျှပ်စစ်စီမံကိန်းအတွက် ရေကာတာများ တည်ဆောက်မယ်လို့သိရှိရပါတယ်။ အဆိုပါရေကာတာကို မြန်မာနိုင်ငံမှ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ တရုတ်နိုင်ငံမှ Three Gorges ကုမ္ပဏီ၊ ထိုင်းနိုင်ငံမှ EGAT ကုမ္ပဏီတို့ ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလမတိုင်မီက စာချုပ်လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြပြီး ထုတ်လုပ်နိုင်မယ့် ရေအားလျှပ်စစ်ပမာဏမှာ ၇၁၁၀ မဂ္ဂါဝပ်ဖြစ်ကြောင်းသိရှိရပါတယ်။ တည်ဆောက်မယ့်တာဆန်း‌ရေကာတာဟာ မဲခေါင်ဒေသလျှပ်စစ်ဓာတ်အားလိုင်းစီမံကိန်းမှာ တစ်ခု အပါအဝင်လည်းဖြစ်ပါတယ်။ တာဆန်းမှ ၅၀၀ ကီလိုဝပ်စွမ်းအားရှိ မဟာဓာတ်အားလိုင်းကြီး နှစ်လိုင်းအား၊ ထိုင်းနိုင်ငံမှတစ်ဆင့် မဲခေါင်ဓာတ်အားလိုင်းဘက်သို့သွယ်တန်းရန် လျာထားခဲ့ကြောင်း လည်းသိရှိရပါတယ်။ မဲခေါင်စီမံကိန်းကို အာရှဖွံ့ဖြိုးရေးဘဏ် ADB က ဦးဆောင် အကောင် အထည်ဖော်နေခြင်းဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ သို့ဖြစ်ပါ၍ မိုင်းပန်မြို့နယ်က ပြည်သူလူထုများသိလိုတဲ့ အောက်ပါမေးခွန်း ၄ ခုအား မေးမြန်းအပ်ပါတယ်။ (၁) တာဆန်းရေကာတာနှင့် ထိုင်းနိုင်ငံ-မဲခေါင်လျှပ်စစ်လိုင်းကို ဆက်သွယ်မည့်လျှပ်စစ်ဓာတ်အားလိုင်းတည်ဆောက်မှုမည်သည့်အခြေအနေသို့ ရောက်ရှိနေပါသနည်း။ (၂) မိမိနိုင်ငံတော်အစိုးရမှ ကုန်ကျမည့်စရိတ်မှာ မည်မျှရှိပါသနည်း။ (၃) မိမိပြည်သူများအပေါ် မည်ကဲ့သို့အကျိုးရှိနိုင်ပါသနည်း။ (၄) လျှပ်စစ်လိုင်းတည်ဆောက်ခြင်းနှင့် ရေကာတာများ တည်ဆောက်ခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ပတ်ဝန်းကျင်ကျေးရွာလူထုအပေါ် ဆိုးကျိုးများ ရှိလာနိုင်ပါမည်လားသိရှိလိုပါကြောင်း မေးမြန်းပါသည်။