(ဂ)-မိုးမိတ်မြို့နယ်တွင် အစိုးရနည်းပညာ အထက်တန်းကျောင်း တည်ဆောက်ပေးမည့်အစီအစဉ်ရှိ၊မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-23

ကျွန်တော်တို့ မဘိမ်းမြို့နယ်သည် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လမ်းဆုံးမြို့တစ်မြို့ ဖြစ်ပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးမှာ အခြားမြို့များထက် အောက်ကျနေ သော မြို့လည်းဖြစ်ပါတယ်။ အခြေခံအလယ်တန်းအောင်ပြီးလျှင် ကျောင်းမတက်နိုင်တော့ဘဲ ရိုးရာ တောင်သူဘဝနဲ့ အသက်မွေးဝမ်းကျောင်းပြုခဲ့ကြပါတယ်။ ဆင်းရဲနွမ်းပါးသော မြို့လည်းဖြစ်ပါတယ်။ နီးစပ်သောမြို့မှာ မိုးမိတ်မြို့သာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာ စေရန်နှင့် ဆင်းရဲသားတောင်သူလယ်သမား သားသမီးများ ပညာသင်အခွင့်အလမ်းများ တိုးတက် လာစေရန်အတွက် မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ် နှစ်မြို့နယ်တွင် မိုးမိတ်မြို့နယ်၌ အစိုးရနည်းပညာ အထက်တန်းကျောင်းဖွင်‌့လှစ်ပေးပြီး ပညာသင်ယူခွင့် အစီအစဉ်များရှိပါသလား။ ရှိပါက မည်သည်‌့ အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း မေးမြန်းပါသည်။