(ခ)-စားအုန်းဆီ တင်သွင်းခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း
မြန်မာနိုင်ငံမှာ ဆီထွက်သီးနှံဖြစ်တဲ့ မြေပဲ၊ နှမ်း၊ ပဲပုတ်၊ ပန်းနှမ်း၊ နေကြာ၊ မုန်ညင်းစေ့၊ ဝါစေ့ စသဖြင့် ဆီထွက်သီးနှံကို မြေပြန့်ရော၊ တောင်ပေါ်ဒေသ များမှာ အထူးစိုက်ပျိုးထွက်ရှိပါတယ်။ တစ်နိုင်ငံလုံးမှာဆိုရင် ကျွန်တော်တို့ဆီစက်ပေါင်း အကြီး၊ အလတ်၊ အသေးအားလုံးကို ပေါင်းကြည့်မယ်ဆိုရင် သောင်းဂဏန်းနီးနီးရှိပါတယ်။ ဆီထွက်သီးနှံဟာ တောင်သူများအဖို့ ဈေးကွက်ကိုက်ညီ၍ အကျိုးရှိမယ်ဆိုလျှင် စိုက်ပျိုးထုတ်လုပ်မှု အထူး အားကောင်းတဲ့သီးနှံ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်၊ ၃၀ ခန့်ကဆိုလျှင် မြန်မာလူထုစားသုံးဖို့ တောင်သူများ စိုက်ပျိုးထုတ်လုပ်ကြ၍ ဆီစက်များကလည်း နေ့၊ ည လည်ပတ်ပြီးတော့ မြန်မာ လူထုစားသုံးနိုင်အောင် လုံလောက်စွာရရှိခဲ့ပါတယ်။ ရှေးကစကားပုံတစ်ခုကို မှတ်မှတ်ရရ ကျွန်တော် သတိရမိပါတယ်။ ဆီကိုရေချိုး ဆေးရိုးမီးလှုံ စပါးတောင်လိုပုံဖြစ်ပါတယ်။ ဆိုလိုတာကတော့ စားသုံးဆီကို လုံလောက်သည့်အပြင် ရေချိုးနိုင်လောက်အောင်ပင် ပေါများ၍၊ ဖူလုံ၍ အလျှံပယ် ရှိနေသည်ကို ပြောလို၍ ဖြစ်ပါတယ်။ ၁၉၉၀ နောက်ပိုင်း စားအုန်းဆီတင်သွင်းမှုကို တွေ့လာရပါတယ်။ တစ်လမှာ တန်ချိန် ၅၀၀၀ ခန့်မှာ စတင်တင်သွင်းခဲ့ပြီးတော့ တဖြည်းဖြည်း ပိုမိုတင်သွင်းလာခဲ့ရာ ထို့နောက် တန်ချိန် ၁၀၀၀၀၊ ထို့နောက် တန်ချိန် ၂၀၀၀၀၊ ယခု ၂၀၁၁ ခုနှစ်မှာဆိုရင် တန်ချိန် ၃၀၀၀၀ နဲ့အထက်ကို တင်သွင်းနေသည်ကို သိရပါတယ်။ မြန်မာနိုင်ငံစားသုံးဆီဥက္ကဋ္ဌ ဦးသိန်းဟန်၏ အပြောအရ စားအုန်းဆီတင်သွင်းမှုဟာ ပိုလျှံနေသည်လို့ပဲ သူကဆိုပါတယ်။ ထိုသို့ ပိုမိုတင်သွင်း လာသည်နှင့်အမျှ ဆီထွက်သီးနှံတောင်သူများသာ အရှုံးပေါ်လာပါတယ်။ အရှုံးပေါ်လာသည်နှင့်အမျှ စိုက်ဧက တဖြည်းဖြည်း လျော့ကျလာပါတယ်။ ဥပမာ- မြေပဲစိုက် တောင်သူများအဖို့ တချို့ဒေသ များမှာဆိုလျှင် လွန်ခဲ့တဲ့အနှစ် ၂၀ ကျော်၊ ၃၀ ခန့်က စိုက်ဧကထက် ၉၀ ရာခိုင်နှုန်းခန့် လျှော့၍ စိုက်ပျိုးထုတ်လုပ်လာသည်ကို တွေ့ရှိရပါတယ်။ နောက် နှမ်းစိုက်ပျိုးမှုကတော့ အထိုက်အလျောက် ရှိပါတယ်။ သို့သော်လည်းပဲ ပြည်ပကိုအားလုံးပို့ခွင့်ပေးထားတဲ့အတွက် ကျွန်တော်တို့ ပြည်တွင်းက ဆီစက်များ ပြည်ပပို့တဲ့ ကုမ္ပဏီများကို ယှဉ်ပြိုင်ပြီးတော့ မဝယ်နိုင်တဲ့အတွက် စက်လည်ပတ်မှုကို ကျွန်တော်တို့ လျှော့လာကြရပါတယ်။ စားအုန်းဆီရဲ့ ဈေးကွက်ဟာလည်းဈေးချိုတဲ့အတွက် ကျွန်တော် တို့ ပြည်တွင်းမှာ ၉၀ ရာခိုင်နှုန်းခန့် နေရာယူလာတာကို တွေ့ရှိရပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ ဆီထွက်သီးနှံစိုက်ပျိုးမှု ထုတ်လုပ်မှုလျော့ကျလာတာကို တွေ့ရှိရပါတယ်။ ထုတ်လုပ်မှုလျော့ကျလာ တာနဲ့အမျှ လျော့ကျလာခြင်း အကြောင်းတစ်ရပ်အပြင် ဆီဈေးကွက်မှာ ပြည်တွင်းထုတ်လုပ်တဲ့ ဆီများရဲ့ ရောင်းချမှုဟာလည်း နှေးကွေးလေးလံလာပါတယ်။ ကျွန်တော်တို့ တစ်လလောက် ကြိတ်ပြီးရင် နှစ်လ၊ သုံးလလောက် စောင့်ရောင်းမှ အဲဒီဆီဟာကုန်လာပါတယ်။ ဒါကြောင့်မို့လို့ တချို့ဆီစက်များဟာ အခြားလုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်ဖို့ပင် စဉ်းစားနေကြသည်ဟု ကြားသိရ ပါတယ်။ ယခုလို စားအုန်းဆီအထူးအဝင်များတဲ့ ယခုနှစ်များမှာဆိုလျှင် စားအုန်းဆီ ဈေးရဲ့ ဈေးနှုန်း အထူးချိုသာမှုကြောင့်လည်းကောင်း၊ ပြည်တွင်းမှာရှိတဲ့ဆီစက်များဟာ အားလုံးရဲ့ ၂၀ ရာခိုင်နှုန်းနဲ့ ၃၀ ရာခိုင်နှုန်းခန့်သာ အားခဲပြီး၊ ကြိုးစားပြီး လည်ပတ်နေကြတာတွေ့ရှိရပါတယ်။ ယခုအတိုင်းသာ ဆက်၍သွားမည်ဆိုလျှင် တစ်ချိန်မှာ စားသုံးဆီကို ပြည်ပကတင်သွင်းရပြီးတော့ ပြည်ပကိုလုံးဝ အားကိုးရတဲ့ အခြေအနေ ရောက်သွားရမည်ကို ကျွန်တော်တို့ စိုးရိမ်နေကြပါတယ်။ ထို့ပြင် ပြည်တွင်းမှာ ဆီကြိတ်စက် များရပ်ဆိုင်းသွားမည်ဆိုလျှင် တိရစ္ဆာန်အစားအစာများ လုံးဝလုံလောက်မှု မရှိတာဖြစ်တဲ့အတွက် တိရစ္ဆာန်အစားအစာကိုပါ ပြည်ပမှ တင်သွင်းရသော အခြေအနေကို ရောက်သွားနိုင်ပါတယ်။ ယခုတော့ အချို့တစ်ပိုင်းတင်သွင်းတာကို တွေ့ရှိရပါတယ်။ အခြေအနေ ကတော့ ကျွန်တော်တို့ အရည်မရအဖတ်မရအြခေအနေကို ရောက်နေပြီလို့ ထင်မြင်ရပါတယ်။ ထို့အပြင် ကျွန်တော်တို့ ပြည်တွင်းမှာ ပဲမျိုးစုံနဲ့စပါးကနေပြီးတော့ ပြည်ပကိုပို့ပြီး ရရှိတဲ့နိုင်ငံခြား ဝင်ငွေဟာလည်းပဲ ကျွန်တော်တို့ စားအုန်းဆီနဲ့တိရစ္ဆာန်အစားအစာများ ပြန်လည်တင်သွင်းရသည်နဲ့ အလဟဿ ကုန်သွားမှာကို စိုးရိမ်ရပါတယ်။ ထို့ကြောင့်မို့လို့ စားအုန်းဆီကို အကန့်အသတ်တစ်ခု အထိ ပြည်ပမှလျှော့သွင်းခြင်းဖြင့် ပြည်တွင်းမှထွက်ရှိတဲ့ ကျွန်တော်တို့ ဆီထွက်သီးနှံများရဲ့ဈေးကွက် နဲ့အရောင်းအဝယ်ဟာ ကောင်းလာပြီးတော့ သင့်တင့်မျှတတဲ့ဈေးကို ရောင်းလာနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အဲဒီအခါမှာ တောင်သူများအတွက်လည်း ပိုမိုကောင်းတဲ့အခြေအနေကိုရောက်ရှိ လာနိုင်ပါတယ်။ နောက် နိုင်ငံတော်အတွက်လည်း Earning Money Dollar ကိုနိုင်ငံအတွက် ပိုမိုအကျိုးရှိတဲ့နေရာမှာ ပိုမိုသုံးစွဲနိုင်တဲ့အခြေအနေကိုလည်း ရရှိနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ ပြည်တွင်းမှာ ကြိတ်ဝါးထုတ်လုပ်တဲ့ အစီအစဉ်များအတွက်ပိုမို လုပ်အားရှိလာပြီးတော့ ဆီစက် လုပ်သားများလည်း အလုပ်အကိုင်များ ပွင့်လင်းလာဖို့ရှိပါတယ်။ တိရစ္ဆာန်အစားအစာများပေါများ လာခြင်းအကျိုးကိုလည်း ရရှိနိုင်ပါတယ်။ စားသုံးသူလူထုအတွက်လည်း ကျန်းမာရေးနဲ့အထူး ညီညွတ်တဲ့ ပြည်တွင်းထုတ်တဲ့စားသုံးဆီကို သင့်တင့်မျှတသောဈေးနှုန်းနဲ့ စားသုံးနိုင်ခြင်းအကျိုးကို ရရှိခြင်းအားဖြင့် ကောင်းကျိုးအဖုံဖုံကို ရနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒါကြောင့်မို့ စားအုန်းဆီကို အတိုင်းအတာတစ်ခုအထိ လျှော့သွင်းရန်ရှိ၊ မရှိကို မေးမြန်းပါသည်။