(င)-၂၀၀၅ ခုနှစ်တွင် နိုင်ငံတော်က သိမ်းဆည်းဆောင်ရွက်ခဲ့သော လိုင်စင်မဲ့မော်တော်ယာဉ်ပိုင်ရှင်များအား အထူးအစီအစဉ်ဖြင့် ကားတင်သွင်းခွင့်ပါမစ်များ ချထားပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
ယခင်အစိုးရလက်ထက် ၂၀၀၅ ခုနှစ် မတ်လအတွင်း ပြည်သူလူထုလက်ဝယ်တွင်ရှိသော လိုင်စင်မဲ့မော်တော်ယာဉ်များကို နိုင်ငံတော်သို့ အပ်နှံရန် နိုင်ငံပိုင်သတင်းစာနဲ့ ရုပ်မြင်သံကြားများတွင် ကြေညာချက်များအရ ရဟန်းသံဃာများ အပါအဝင် လူလတ်တန်းစားယာဉ်ပိုင်ရှင်များဟာ လိုင်စင်မဲ့မော်တော်ယာဉ်များကို ဥပဒေနဲ့အညီ ဒေသအသီးသီးရှိ ရဲစခန်းများသို့ အပ်နှံခဲ့ကြပြီး အစိုးရထံမှ မော်တော်ဆိုင်ကယ်များနည်းတူ လိုင်စင် ပြုလုပ်ရေးအခွင့်အရေးတစ်ခုခု ဆောင်ရွက်ခွင့်ရကြမည်ဟု မျှော်လင့်စောင့်စားနေခဲ့ကြပါတယ်။ လိုင်စင်မဲ့မော်တော်ယာဉ်များကို ပြည်သူများမနစ်နာစေရန် ဥပဒေနဲ့အညီ အစိုးရက ဆောင်ရွက် ပေးမည်ဟု ယုံကြည်၍ ရိုးရိုးသားသားအပ်နှံခဲ့ကြသူများရှိခဲ့သလို နီးစပ်ရာစက်မှုဇုန်များတွင် ဇုန်ထုတ်ကားများအဖြစ် အသွင်ပြောင်းဆောင်ရွက်ခဲ့ကြသည့်ပိုင်ရှင်များ ရှိခဲ့ကြသည်ကိုလည်း လေ့လာသိရှိရပါတယ်။ နိုင်ငံတော်သို့ အပ်နှံခဲ့သည့် လိုင်စင်မဲ့မော်တော်ယာဉ်များ ပြည်တွင်းသို့ နည်းအမျိုးမျိုးဖြင့် သယ်ဆောင်ဝင်ရောက်လာခဲ့ရာ နောက်ဆုံး မသိနားမလည်သော ပြည်သူ့လက်ဝယ် သို့ ရောက်ရှိလာပြီး အမှန်တကယ်လိုအပ်၍ သုံးစွဲနေသောပြည်သူများသာ ထိခိုက်နစ်နာခဲ့ရပါတယ်။ နိုင်ငံတော်မှ သိမ်းဆည်းခဲ့သော မော်တော်ယာဉ်များကို ဌာနဆိုင်ရာအသီးသီးများတွင်လည်းကောင်း၊ အရာရှိကြီးများသို့လည်းကောင်း ပေးအပ်အသုံးပြုစေခဲ့ပြီး လေလံပစ်၍ အစိုးရဌာနမှ ငွေလက်ခံ ဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတော်အတွက် အထိုက်အလျောက် အကျိုးဖြစ်ထွန်းခဲ့ပါတယ်။ သို့ဖြစ်ပါ၍ အြခေခံဥပဒေနှင့်အညီ ပေါ်ပေါက်လာသော နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် ပြည်သူ့အစိုးရအဖြစ် ပြည်သူ့အသံကို နားထောင်၍ ပြည်သူလူထုကို ပြန်လည်ကူညီစောင့်ရှောက် သောအားဖြင့် ၂၀၀၅ ခုနှစ်တွင် နိုင်ငံတော်မှ သိမ်းဆည်းဆောင်ရွက်ခဲ့သော လိုင်စင်မဲ့မော်တော်ယာဉ် များအတွက် မော်တော်ယာဉ်ပိုင်ရှင်များအား အထူးအစီအစဉ်ဖြင့် ကားတင်သွင်းခွင့်ပါမစ်များ ချထား ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။