(ဂ)-F.D.A အဖွဲ့ငယ်များ ဖွဲ့စည်းရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
ဒေါက်တာစိုင်းကျော်အုန်း(နမ့်ခမ်းမဲဆန္ဒနယ်)
ယခုအချိန်အခါမှာ မြန်မာနိုင်ငံဈေးကွက်အတွင်းမှာ စားသုံးသူပြည်သူများအတွက် အန္တရာယ် ရှိနိုင်တဲ့ အစားအစာနဲ့ဆေးဝါးများ အများအပြားရောင်းချနေတာကို တွေ့မြင်နေရပါတယ်။ စက်တင်ဘာလ ၂၅ ရက်နေ့ထုတ် Weekly Eleven စာစောင်ထဲမှာလည်း သက်တမ်းကုန်ဆုံးဖို့ တစ်နှစ်နီးပါးကျန် ရှိနေသေးတဲ့ Cevit နဲ့ Adevit ဆေးပြားများရဲ့ အရည်အသွေးဟာသက်တမ်းလွန် Expire ဖြစ်နေတဲ့ ဆေးပြားများဖြစ်နေတဲ့အကြောင်းကိုသော်လည်းကောင်း၊ တရုတ်နိုင်ငံမှ အစားအစာထုတ်လုပ်တဲ့ စက်ရုံတစ်ခုဟာ ၎င်းထုတ်လုပ်တဲ့ပစ္စည်းများကို အသစ်လို့ယူဆရအောင် ပစ္စည်းထုတ်လုပ်တဲ့ရက်စွဲ Manufacturing Date ကို ပြင်ဆင်တပ်ထားတဲ့အကြောင်းကိုလည်း ရေးသားဖော်ပြခဲ့တာကို ဖတ်ရှုတွေ့ရှိခဲ့ရပါတယ်။ ၎င်းတရုတ်နိုင်ငံမှ ထုတ်လုပ်တဲ့စားသောက်ကုန်ပစ္စည်းများဟာ ကျွန်တော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းကို တရားဝင်နဲ့တရားမဝင်တဲ့နည်းလမ်းနဲ့ လမ်းကြောင်း ကနေအများအပြား ရောက်ရှိနေပြီးတော့ ပြည်သူများဟာလည်း စွဲစွဲလမ်းလမ်းနဲ့ ဝယ်ယူစားသုံးနေတာ ကိုတွေ့ရှိနေရပါတယ်။ ၎င်းသက်တမ်းလွန် တရုတ်နိုင်ငံထုတ်အစားအစာများ စားသုံးမိသည့် ကျောင်းသားကလေးငယ်များ ဗိုက်နာ၊ ဗိုက်အောင့်၊ အထက်လန်အောက်လျှော၊ ဝမ်းလျှောရောဂါ ဖြစ်ပြီးတော့ တချို့ကျောင်းသားကလေးငယ်များ ဆေးရုံတက်ရောက်ကုသရတဲ့အထိ နမ့်ခမ်းမြို့နယ် မှာကြုံတွေ့ခဲ့ရပါတယ်။ အထူးသဖြင့် သက်တမ်းလွန် အစားအသောက်များကိုသုံးစွဲမိရင်အသည်း ကင်ဆာဖြစ်ပေါ်နိုင်မှု ရာခိုင်နှုန်းပိုမိုများပြားစေနိုင်တဲ့အတွက်ကြောင့် အထူးကြပ်မတ်စစ်ဆေးရန် လိုအပ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအစားအစာနှင့် ဆေးဝါးကွပ်ကဲကြီးကြပ်ရေးဌာန FDA မှ လည်း မြို့နယ်တိုင်းကို ပုံမှန်ကွင်းဆင်းပြီးတော့ စစ်ဆေးသွားရန် အခက်အခဲရှိမယ်လို့ ထင်မြင်ယူဆ ပါတယ်။ အဲဒါကြောင့် ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်သူများကိုယ်စား မေးခွန်းနှစ်ခုမေးမြန်းလိုပါတယ်။ မေးခွန်း (၁) မြို့နယ်တိုင်းတွင် ပညာရှင်များ၊ မြို့မိ၊ မြို့ဖများ ပါဝင်ဖွဲ့စည်းထားတဲ့ FDA အဖွဲ့ငယ်မျိုး ဖွဲ့စည်းသွားနိုင်ရန် အစီအစဉ် ရှိပါသလား။ မေးခွန်း (၂) မရှိသေးပါက မည်သို့စီမံချက်များ ရေးဆွဲ ချမှတ်ပြီး မည်သည့်အချိန်ကာလတွင် ဆောင်ရွက်သွားမည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။