(ဃ)-ကစ္ဆပနဒီမြစ်တစ်လျှောက်နှင့်အခြားနေရာများတွင် ဆိပ်ခံတံတားများပြုပြင်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-25

မေးခွန်းများမမေးခင်မှာ နောက်ခံ အကြောင်းအရာအချို့အနည်းငယ်ကို အချက်တစ်ချက်၊ နှစ်ချက်တင်ပြခွင့်ပြုစေလိုပါတယ်။ (၁)က တော့ ကျွန်တော်တို့ ရခိုင်ပြည်နယ်ဟာ မိုးရေချိန်များပြားပြီး တောတောင်ထူထပ်တဲ့ မြေမျက်နှာပြင် အနေအထားကြောင့် မြစ်ချောင်းပေါများပါတယ်။ လမ်းပန်းဆက်သွယ်မှုကိစ္စမှာ ယနေ့အထိ ရေကြောင်းကို အဓိကအားထားနေရဆဲ ဖြစ်ပါတယ်။ အဓိကအချက်ကတော့ ကျွန်တော်တို့ ရခိုင်ပြည်နယ်တိုးတက်မယ်ဆိုလို့ရှိရင် ကုန်းလမ်း၊ ရေလမ်း၊ လေလမ်း လမ်းကွန်ရက်တွေကို ကောင်းကောင်းလေးလုပ်ခဲ့မယ်ဆိုရင် ရခိုင်ပြည်နယ်ဟာ တိုးတက်လာမယ်လို့ ယူဆတဲ့အတွက်ကြောင့် နံပါတ်(၁)အချက်အနေနဲ့တင်ပြလိုပါတယ်။ နံပါတ်(၂)အချက်ကတော့ မဝေးလှတဲ့ ကျွန်တော်တို့ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုလို့ရှိရင် ရခိုင်ပြည်နယ်အတွက် လမ်းကွန်ရက်တွေ၊ လမ်းတွေ၊ တံတားတွေ လက်ညှိုးထိုးပြစရာမရှိခဲ့ပါဘူး။ ဒါပေမယ့် မဝေးလှတဲ့အတိတ်ကို ပြန်ကြည့်လိုက်တဲ့ အခါမှာ ရန်ကုန်-စစ်တွေကားလမ်း ကစ္ဆပနဒီတံတားတွေ အမျိုးမျိုးကိုဖြတ်ပြီးတော့ ရန်ကုန်-စစ်တွေ ကားလမ်းပေါ်ပေါက်လာပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပြည်မနဲ့အင်မတန်ဝေးနေတဲ့ ဒီနေ့ ရခိုင်ပြည်နယ်ဟာ ပြည်မနဲ့တော်တော်လေးနီးနီးစပ်စပ် တစ်ညအိပ်၊ နှစ်ညအိပ်လောက်နဲ့ ရန်ကုန် ကနေ စစ်တွေ၊ ရခိုင်ပြည်နယ်ကို သွားလာလို့ရခဲ့ပါပြီ။ အဲဒီအတွက်လည်း ကျွန်တော်ဟာ ၁၉၉၃ ခုနှစ်၊ မြန်မာ့အလင်းမှာ ရခိုင်ပြည်သူကိုယ်စား ကျေးဇူးအထူးတင်ပါတယ်လို့ မြန်မာ့အလင်းမှာ ဆောင်းပါး ရေးခဲ့ပါတယ်။ အခု နောက်တစ်ခုကအခွင့်ကြုံတုန်း ကျွန်တော်ပြောရရင် ပထမအကြိမ် ပြည်သူ့လွှတ်တော်အပြီးမှာ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း၊ စက်မှုဝန်ကြီး ဦးစိုးသိန်းတို့နဲ့ အတူ ဖိတ်ကြားချက်အရ ကျွန်တော် ပြည်နယ်လွှတ်တော်က ဦးခင်မောင်၊ နောက် ရသေ့တောင် မဲဆန္ဒနယ်က ဒေါ်ခင်စောဝေ၊ ကရင်ပြည်နယ်က နန်းစေအွာ၊ မွန်ပြည်နယ်က မိမြင့်သန်းတို့ လိုက်ပါပြီးတော့ ဒီဧပြီလကုန်လောက်မှာ ကျောက်တော်-ပုဏ္ဏားကျွန်းရထားလမ်းကို ဖွင့်လှစ်ခဲ့ ပါတယ်။ အဲဒီလိုဖွင့်လှစ်တဲ့ ကျွန်တော်တို့မှာ အိပ်မက်မမက်ဘူးတဲ့ လမ်းတစ်လမ်း၊ ရထားလမ်း တစ်လမ်းကို စီးခွင့်ရခဲ့တဲ့အတွက် ကျွန်တော်တို့ ရခိုင်သူ၊ ရခိုင်သားများဟာ အရမ်းအရမ်းကို ဝမ်းသာပါတယ်။ ဒါကြောင့် ဒီနေရာကနေ ရခိုင်သူ၊ ရခိုင်သားများရဲ့ကိုယ်စား အဲဒီဝန်ကြီးတွေနဲ့တကွ နိုင်ငံတော်အစိုးရကို အထူးကျေးဇူးတင်ရှိကြောင်း ဒီနေ့အခွင့်အခါကြုံတဲ့အခါမှာ ပြောကြားလိုပါတယ် ခင်ဗျား။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်ဟာ စစ်တွေမြို့ကနေ ပြီးတော့ ကျောက်တော်-မြောက်ဦးစသည်အားဖြင့် သင်္ဘောနဲ့ခရီးထွက်ဖူးပါတယ်။ အဲလို ခရီးထွက်တဲ့ အခါမှာ ပြည်သူလူထုရဲ့ခံစားချက်ကို ကိုယ်တွေ့မျက်မြင်သိခဲ့ရပါတယ်။ သင်္ဘောတစ်စီးမှာဆိုလို့ရှိရင် ကြက်ခြံမှာကြက်တွေကိုလှောင်ထားသလို သင်္ဘောပေါ်မှာ လူတွေကပြွတ်သိပ်ပြီးတော့ နေရပါတယ်။ အဲဒီကြားထဲမှာ ကုလားထိုင်ဆိုပြီး Special နေရာယူပြီးတော့ အမြတ်တင်ရောင်းစားတဲ့ လူတွေလည်း အများကြီးပါ။ အဲဒီတော့ တကယ်ရိုးရိုးသားသားလိုက်တဲ့လူတွေမှာ တော်တော်လေး ကျပ်ကျပ် တည်းတည်းနဲ့ သင်္ဘောစီးရပါတယ်။ ကိုယ်ခန္ဓာကိုမလှုပ်သာအောင်၊ မလွှဲသာအောင် ထားပြီးတော့မှ သင်္ဘောစီးရတာကိုတော်တော်လေးစိတ်မချမ်းသာစရာတွေ့ရပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ကျောက်တော်ကိုပဲသွားသွား၊ မြောက်ဦးကိုပဲသွားသွား၊ ကျွန်တော်တို့ဟာ ပုဏ္ဏားကျွန်းကို ဝင်ရပါတယ်။ အဲဒီ ပုဏ္ဏားကျွန်းဆိပ်ကမ်းဟာလည်း တစ်ပိုင်းလောက်ပဲပြတ်ထွက်သွားပြီးတော့ တစ်ပိုင်းလောက်ပဲ ကျန်တဲ့အတွက် သင်္ဘောက အဲဒီတံတားရှိတဲ့နေရာကို မဆိုက်နိုင်ပါဘူး။ မဆိုက်နိုင်တဲ့အခါ အရင် ဆိုက်တဲ့နေရာကပဲ ကုန်းဘောင်ခေါ်တဲ့ပျဉ်ပြားတစ်ချပ်မှာ ပျဉ်ချပ်တွေကိုထိုးပြီးတော့ ကျွန်တော်တို့ဟာ အဆင်း၊ အတက်လုပ်ရပါတယ်။ အဲဒီမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ တစ်ခါတည်းကို တစ်ယောက်နဲ့တစ်ယောက် တွန်းတက်ပြီးတော့ တော်တော်လေး ဒုက္ခခံပြီးတော့ ဆင်းရတယ်၊ တက်ရတယ်ဆိုတာကို ကျွန်တော် ကိုယ်တွေ့ခံစားခဲ့ရပါတယ်။ မြင်ဖူးခဲ့ပါတယ်။ အဲဒါကြောင့် ဒီတံတားတွေကို ပြန်ကြည့်လိုက်တဲ့အခါမှာ ဒီတံတားတွေကလည်း ဟိုးအရင်လွန်ခဲ့တဲ့ လွတ်လပ်ရေးခေတ်ကစပြီးတော့ အခုအချိန်ထိကို ဒီအတိုင်းပဲ ရှိနေသေးတဲ့အတွက် တော်တော်လေး ဟောင်းနွမ်းပျက်စီးနေတဲ့ တံတားတွေဖြစ်တာကို တွေ့နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်စောစောက အစီရင်ခံခဲ့သလို ရခိုင်ပြည်နယ်မှာ ရေကြောင်းလမ်းကို အဓိကထားနိုင်တဲ့ အချိန်မှာ ဒီတံတားကြီး ကိုတော့ဖြင့် ပြုပြင်ဖို့အချိန်တန်ပါပြီလို့ ကျွန်တော်ယူဆတဲ့ အတွက် ကျွန်တော့်ရဲ့ မေးခွန်းကိုမေးရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် စစ်တွေဆိပ်ကမ်းနဲ့ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးအစရှိသည့် မြို့နယ်များ၏ ဆိပ်ခံတံတားများကို စီမံကိန်းအသစ်ဖြင့် ပြုပြင်ပေးရန်နှင့် သင်္ဘောဆိပ်များကိုလည်း ပြန်လည်ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိကို မေးမြန်းပါသည်။