(ဂ)-မွေးမြူရေးနှင့် သားငါးထုတ်လုပ်မှုတိုးတက်ဖွံ့ဖြိုးရေးနှင့် စပ်လျဉ်းသည့် မေးခွန်း
ကျွန်တော်တို့နိုင်ငံမှာ ကျေးလက်လယ်ယာကုန်ထုတ်လုပ်ငန်းအတွက်ကို ဒီနေ့နိုင်ငံတော်အစိုးရက စက်မှုလယ်ယာစနစ်နှင့် အားသွန်ခွန်စိုက်ကြိုးပမ်းနေပေမယ့် နိုင်ငံတော်ရဲ့ ရေ၊ ြမေသဘာဝအရ ကျွန်တော်တို့ နိုင်ငံရဲ့ ရေြမေသဘာဝနဲ့ ကိုက်ညီတဲ့ ကျွဲ၊ နွားတွေ ဒီနေ့ လက်လွှတ်လို့ မရသေးပါဘူး။ သီးနှံထုတ်လုပ်ဖို့ အတွက်လည်း ကျွဲ၊ နွားတွေရဲ့ လုပ်အားနဲ့ လုပ်ရတုန်းရှိပါသေးတယ်။ ရှေးအစဉ် အဆက်ကလည်းပဲ ကျွန်တော်တို့ တောင်သူလယ်သမားတွေဟာ ကျွဲ၊ နွားရဲ့ လုပ်အားတွေနဲ့နိုင်ငံ့ရိက္ခာ ဖြည့်ဆည်းပေးခဲ့ပါတယ်။ သမိုင်းအရဆိုရင်တော့ ၁၈၉၀ ခုနှစ်၊ အင်္ဂလိပ်ကိုလိုနီ အစိုးရလက်ထက်မှာ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးဝါးကုသဌာနကို စပြီးတော့ထူထောင်ခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့ဆိုရင် မြန်မာနိုင်ငံမွေးမြူရေးနဲ့ ဆေးကုသရေးဦးစီးဌာနရဲ့ သက်တော်သည် ၁၈၉၀ ခုနှစ်က စတဲ့အတွက် အနှစ် ၁၂၀ အာရှမှာတော့ ဒီဌာနဟာသက်တော်ရှည်ဌာနကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။ အခုလည်းပဲ နိုင်ငံတော်က မွေးမြူရေးနဲ့ဆေးကုသရေးတက္ကသိုလ်ကြီးကို ဖွင့်လှစ်ပြီး တကယ်တတ်ကျွမ်းနားလည် ပြီးတော့ ကမ္ဘာ့အဆင့်မီတဲ့ အတတ်ပညာရှင်တွေ ဆေးကုသရေးပညာရှင်တွေကို ထိုက်ထိုက် တန်တန်မွေးထုတ်ခဲ့ပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ လက်ရှိ အနေအထားအရဆိုရင်တော့ တိရစ္ဆာန်ဆေးကုဆရာဝန်များနဲ့ တိရစ္ဆာန်ဆေးကုဝန်ထမ်းများဟာ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်အောင် လိုအပ်ချက်နဲ့အညီ ဖြည့်ဆည်းပေးနိုင်မှု မရှိသေးပါဘူး။ ဒီမှာ ကျွန်တော်တို့ ကမ္ဘာနဲ့ယှဉ်ပြီးကြည့်မယ် ဆိုရင်တော့ ၂၀၁၁-၂၀၁၂ ရဲ့ ကိန်းဂဏန်းအရ ကျွန်တော်တို့ နိုင်ငံမှာ တိရစ္ဆာန်ဆေးကုဝန်ထမ်းဦးရေ ဟာ အချိုးအားဖြင့်ဆိုရင် တိရစ္ဆာန်ယူနစ်နဲ့ဆိုရင် ၁း၁၈၈၅၀ လို့ သိရှိရပါတယ်။ အနောက်နိုင်ငံတွေမှာ တော့ ၁း၂၅၀၀၊ အိမ်နီးချင်းထိုင်းနိုင်ငံမှာ ၁း၈၇၂၂ ရှိတဲ့အတွက် နိုင်နိုင်နင်းနင်းနဲ့ လုပ်နိုင်ကိုင်နိုင်တဲ့ အခြေအနေရှိတယ်လို့ သုံးသပ်လို့ရပါတယ်။ အိမ်နီးချင်းနိုင်ငံအနေနဲ့ဆိုရင်တော့ ကမ္ဘောဒီးယားဟာ ကျွန်တော်တို့ထက် နိမ့်ပါတယ်။ သူတို့ရဲ့အချိုးအစားကတော့ ၁း၃၀၀၀၀ဖြစ်တဲ့အတွက် ကျွန်တော်တို့ ထက်တစ်ဆကျော်လောက် ထမ်းဆောင်နေရတဲ့ အခြေအနေရှိပါတယ်။ လက်ရှိအြခေအနေဟာ ကျွန်တော် တို့ရဲ့ ဒီနေ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ် ၈ ခုမှာ မွေးမြူရေးနဲ့ သားငါးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနှင့် ကျွန်တော်တို့ ဒီနေ့ တိရစ္ဆာန်ယူနစ်ကို ကိုင်တွယ် ကြည့်ရှုနေရတဲ့ အနေအထားဟာလုံလောက်မှုမရှိပါဘူး။ ဆီလျော်မှုမရှိဘူး။ လိုအပ်ချက်တွေရှိနေသေး တယ်လို့ ကျွန်တော်တို့ သုံးသပ်လို့ရပါတယ်။ ဒါကြောင့်လည်းပဲ ဒီနေ့ တိရစ္ဆာန်ဆေးကုဝန်ထမ်းများ ဌာနအနေနဲ့ဆိုလို့ရှိရင်တော့ ရောဂါသုတေသနဓာတ်ခွဲခန်းတွေ နည်းပါးနေပါသေးတယ်။ ကူးစက် ရောဂါများကျရောက်လို့ရှိရင် ရောဂါထိန်းချုပ်ဖို့ဝန်ထမ်းအင်အားနည်းပါးနေတဲ့အတွက် ဒီဝန်ထမ်းတွေဟာ ခက်ခဲပင်ပန်းစွာနဲ့ တာဝန်ကျေပွန်အောင် ရုန်းကန်ပြီးတော့မှ ထိန်းသိမ်းဆောင်ရွက်ရတဲ့ အနေအထား ရှိပါတယ်။ လက်ရှိအြခေအနေက ကမ္ဘာမှာကြက်ငှက်တုပ်ကွေး၊ ဝက်နားရွက်ပြာရောဂါစတဲ့ ရောဂါတွေဟာ ကျွန်တော်တို့ရဲ့ သားငါးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနဲ့ ပတ်သက်လို့ကြီးစွာသော အဟန့်အတားတွေဖြစ်နေပါတယ်။ ဒီမှာ ထူးခြားချက်အြခေအနေကတော့ ကြက်ငှက်တုပ်ကွေး ရောဂါဟာ ဒီနေ့ကမ္ဘာမှာ အထိတ်တလန့်နဲ့ လူကိုကူးစက်တဲ့ရောဂါ၊ ဒီဗိုင်းရပ်စ်က လူကိုကူးစက်တဲ့ ရောဂါဖြစ်တယ်ဆိုတာ ကမ္ဘာ့နိုင်ငံအသီသီးက ဆောင်ရွက်နေရပါတယ်။ ဝက်တုပ်ကွေးရောဂါ ဟာလည်း လူကိုကူးစက်ပါတယ်။ ယခင်တုန်းကဆိုရင် တိရစ္ဆာန်ကနေ လူကိုကူးစက်တဲ့ရောဂါဟာ ခွေးရူးရောဂါတစ်ခု လောက်သာ လွန်ခဲ့တဲ့ရာစုနှစ်လောက်ကရှိခဲ့ပေမယ့် အခုဒီ ဗိုင်းရပ်စ်ရောဂါပိုး အသစ်တွေဟာ H5 N1 တို့လို ရောဂါပိုးတွေဟာဆိုလို့ရှိရင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ချိတ်ဆက်ပြီးတော့မှ တော်တော်လေး နိုင်ငံအသီးသီးမှာ ဆောင်ရွက်နေရတဲ့အြခေအနေရှိနေပါတယ်။ နောက်တစ်ခါ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ အဖွဲ့အစည်းတွေဟာဆိုရင် တိရစ္ဆာန်ကျန်းမာရေး Animal Health နဲ့ပြည်သူ့ကျန်းမာရေး Public Health ကို ဆက်စပ်ပြီးတော့မှ အလေးထားဆောင်ရွက်နေရတဲ့ အနေအထားတွေလည်းရှိပါတယ်။ ဒီလို ကျွန်တော်တို့ နိုင်ငံအြခေအနေနဲ့ ကြည့်မယ်ဆိုရင် ကြက်ငှက်တုပ်ကွေးနဲ့ ဝက်နားရွက်ပြာရောဂါဟာ တောင်သူလယ်သမားတွေရော၊ မွေးမြူရေး လုပ်ငန်းရှင်တွေရော တော်တော်လေးကိုထိခိုက်ပြီးတော့မှ တချို့ဆိုရင်နစ်နာဆုံးရှုံးပြီး အရင်းပြုတ်တဲ့ အဆင့်အထိ အြခေအနေမျိုးတွေရှိလာတဲ့အပြင် သူကမှတစ်ဆင့် Public Health ဖြစ်တဲ့လူရဲ့ ကျန်းမာရေးထိခိုက်စေနိုင်တဲ့ကူးစက်ရောဂါကို ဆက်လက်ပြီးတော့မှ ပြန့်ပွားနိုင်တဲ့အတွက် စီးပွားရေး အရရော၊ ကျန်းမာရေးအရရော တော်တော်အလေးထားဆောင်ရွက်ရတဲ့ အနေအထားရှိပါတယ်။ ၂၀၁၁ ခုနှစ်၊ မေလ ၂၀ ရက်နေ့ကနေပြည်တော်မှာကျင်းပတဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲမှာ နိုင်ငံတော်သမ္မတကြီးက ရာသီသီးနှံများအလှည့်ကျနှစ်သီး၊ သုံးသီးစိုက်ပျိုးခြင်းအားဖြင့် ပင်မဝင်ငွေ Primary Income များဖြစ်အောင်လည်း လေးငါးလအလှည့်ကျစောင့်၍ ရရှိမည့်ဝင်ငွေဖြစ်တဲ့အတွက် ဒုတိယဝင်ငွေ Secondary Income ရရှိရေးအတွက် တစ်ပိုင်တစ်နိုင်ကြက်မွေးမြူတာတို့၊ ဝက်မွေးမြူခြင်းတို့၊ နွားမွေးမြူခြင်းတို့အပြင် ရေြမေအြခေအနေပေးမယ်ဆိုရင် ပေါင်းစည်းလယ်ယာ Integrated Farming ကို တိုးချဲ့ဆောင်ရွက်ဖို့ဆိုပြီးတော့မှ အတိအလင်းလမ်းညွှန်ခဲ့တာရှိပါတယ်။ ၂၀၁၁ ခုနှစ်၊ ကမ္ဘာ့တိရစ္ဆာန်ဆေးကုနေ့ရဲ့ ဆောင်ပုဒ်အနေနဲ့လည်းပဲ Best for health, Best for food, Best for planet ဆိုပြီးတော့မှ မွေးမြူဆေးကုကောင်းကျိုးပြု ဝပြောကျန်းမာတို့ကမ္ဘာဆိုပြီးတော့ ကမ္ဘာနဲ့အဝန်း ချမှတ်ပြီးတော့ လှုပ်ရှားလျက်ရှိပါတယ်။ ဒါကြောင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှာ လက်ရှိ လှုပ်ရှားအကောင်အထည်ဖော်နေတဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရေး လုပ်ငန်းစဉ်ကြီး ၈ ခု အနက်မှာ မွေးမြူရေးနဲ့သားငါးထုတ်လုပ်မှုလုပ်ငန်း တိုးတက်ရေးလုပ်ငန်းကို အင်ပြည့်အားပြည့် ထိရောက်စွာအထောက်အကူပြုနိုင်ရေးအတွက် မွေးမြူရေးပညာပေးရေး၊ မျိုးကောင်းမျိုးသန့်ဖြန့်ဖြူးရေး၊ ကာကွယ်ရေးနဲ့ကုသရေး၊ ရောဂါသုတေသနပြုစုရေးတို့ကို ဆောင်ရွက်ဖို့ အထူးလိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော်မေးလိုတဲ့ မေးခွန်းကတော့ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနကို လက်ရှိအခြေအနေနဲ့လိုက်လျောညီထွေစွာ အဆင့်မြှင့်တင်ပြီးတော့ ကမ္ဘာ့ အဆင့်မီ သိသိသာသာမြှင့်တင်ဆောင်ရွက်သွားရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုကြောင်းမေးမြန်းပါသည်။