(ဃ)-ချင်းပြည်နယ်တွင် တာဝန်ထမ်းဆောင်နေသော ဆေးဝန်ထမ်း၊ ဆရာဝန်များနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-25

ချင်းပြည်နယ်တွင်  ကျန်းမာရေးသည် အရေးကြီးပါတယ်။ ကျန်းမာရေးကောင်းမွန်မှသာ အမျိုးသားအရင်းအမြစ်တို့၏ စွမ်းဆောင်ရည် မြင့်မားမှုကိုဖြစ်ပေါ်မှာဖြစ်ပါတယ်။ ယခုအခါ ချင်းပြည်နယ်တွင် ပြည်နယ်အစိုးရရှိနေသော်လည်း ပြည်နယ်တစ်ခုအဆင့်အတန်းမပြည့်စုံပါ။ ချင်းပြည်နယ်မြို့တော်တွင် မျက်စိအထူးကုပါရဂူ၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုပါရဂူ၊ ကလေးအထူးကုပါရဂူ၊ အခြား အထူးကုပါရဂူများ လုံလောက် စွာမရှိပါ။ ပြည်နယ်အစိုးရဝန်ကြီးများကိုယ်တိုင် ကျန်းမာရေးစစ်ဆေးချင်တဲ့အခါမှာလည်း အခက် အခဲများ ကြုံတွေ့နေရပါတယ်။ အလားတူပင် ချင်းပြည်နယ်၊ တီးတိန်၊ ဖလမ်း၊ မင်းတပ်၊ တွန်းဇံ၊ မတူပီ၊ ကန်ပက်လက်၊ ပလက်ဝစသည့်မြို့နယ်ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများတွင်လည်း ဆရာဝန်များ ခန့်ပေးရန်လိုအပ်ပါတယ်။ ကျွန်မတို့ ထန်တလန်ဆေးရုံတွင် ယခင်မရရှိခဲ့သော ဆရာဝန်ကောင်းများ ကိုနိုင်ငံတော်အစိုးရသစ်မှ ချပေးထားတဲ့အတွက် ထန်တလန်ပြည်သူများ ဝမ်းမြောက်ဝမ်းသာရှိကြ ပါတယ်ရှင်။ သို့သော်လည်း ဆေးရုံတွင် ဆေးရုံသုံးကိရိယာများဖြစ်သည့် ပေါင်းအိုး၊ ချွဲစုပ်စက်၊ ECG စက်၊ အောက်ဆီဂျင်ဆလင်ဒါ၊ လူနာတင်ကား၊ ဆိုင်ကယ်၊ ရေ၊ မီး ၂၄ နာရီရရှိရန်နှင့် ဝန်ထမ်း အိမ်ရာတို့လည်း လိုအပ်နေပါတယ်။ ထန်တလန်မြို့နယ်ရှိ ၂၅ ခုတင်ဆံ့ ဆေးရုံကိုလည်း ခုတင် ၅၀ ဆံ့ဆေးရုံအဖြစ် တိုးချဲ့လိုပါတယ်ရှင်။ များသောအားဖြင့်  ချင်းပြည်နယ်တွင် ဆရာဝန်များခန့်အပ် ပေးသော်လည်း အမည်စာရင်းသာရှိပြီး လူကိုယ်တိုင်မလာတာများပါတယ်။ ဤကဲ့သို့ ချင်းပြည်နယ် တွင်ဆရာဝန်များအချိန်ပြည့် တာဝန်မထမ်းဆောင်နိုင်ခြင်းမှာ ချင်းပြည်နယ်အတွက် ပြဿနာတစ်ခု ဖြစ်ပါတယ်။ ဤပြဿနာများကို ဖြေရှင်းနိုင်ရန် ပြည်ထောင်စုအစိုးရမှ ကျွန်မတို့ ချင်းပြည်နယ်ကဲ့သို့ ဝေးလံသောနေရာများကို သွားရောက်တာဝန်ထမ်းဆောင်သော ဆရာဝန်များ၊ ဝန်ထမ်းများအား အထူးဂုဏ်ပြုမှုကို ချီးမြှင့်ပေးခြင်းဖြင့် ဖြေရှင်းပေးနိုင်မယ်လို့ ယူဆမိပါတယ်။ ချင်းပြည်နယ်တွင် တာဝန်ထမ်းဆောင်ကြသည့် ဝန်ထမ်းနှင့်ဆရာဝန်များအား သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးဌာနမှ ခန့်ထားခြင်း၊ ပြောင်းရွှေ့ခြင်းများကို ပြုလုပ်ခွင့်ရနိုင်ရန်လည်း လိုအပ်ပါတယ်။ အထက်ပါ ဖော်ပြချက် များ၊ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို ပြည်ထောင်စုအစိုးရမှ ဖြည့်ဆည်းပေးနိုင်မလားကို မေးမြန်း ပါသည်။