(ဂ)-မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် ၂၄ နာရီ တာဝန်ထမ်းဆောင်နေရသဖြင့် လုံလောက်သော အနားယူမှု များ ဆောင်ရွက်နိုင်ရေး ရဲတပ်ဖွဲ့ဝင်အင်အား တိုးချဲ့ခန့်ထားရန်နှင့်စပ်လျဉ်းသည့်မေးခွန်း
ပြည်ထဲရေးဝန်ကြီးဌာနမှ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးဆိုတဲ့ ရည်မှန်းချက် ၄ ရပ်ဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါ တယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များဟာ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တာနှင့်အညီ ၎င်းတို့၏ လုံခြုံရေးတာဝန်ဟာ ၂၄ နာရီတာဝန်ရှိကြောင်းလည်း သိရှိရပါတယ်။ ရဲတပ်ဖွဲ့ဝင်များဟာ ဒီလို ၂၄ နာရီတာဝန်ထမ်းဆောင်ကြရာမှာ မိမိတို့ရဲ့တာဝန်အလိုက် ညပိုင်းမှာ ပင်ပန်းစွာ တာဝန်ထမ်းဆောင်ပြီး နောက်တစ်နေ့မှာ ရဲတပ်ဖွဲ့ဝင်လုံလောက်မှုမရှိတဲ့အခြေအနေအရ အနားမယူရဘဲ ဆက်လက်ပြီး တာဝန်များကို ထမ်းဆောင်နေကြရတဲ့အခါမှာ ကျန်းမာရေးထိခိုက်ခြင်း၊ လုံလောက်သော အနားယူမှု မရရှိခဲ့ခြင်းများကြောင့် မလိုလားအပ်သောကိစ္စရပ်များ မကြာခဏဖြစ်ပေါ်လျက်ရှိကြောင်း လေ့လာ တွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် ၂၄ နာရီတာဝန်ထမ်းဆောင်ကြရသူများ ဖြစ်သည့်အလျောက် ညပိုင်းတွင် တာဝန်ထမ်းဆောင်ပြီး နောက်တစ်နေ့တွင် လုံလောက်သော အနားယူမှုများ ဆောင်ရွက်နိုင်ရန်နှင့် အလှည့်ကျတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ရဲစခန်းအသီးသီး တွင် ရဲတပ်ဖွဲ့ဝင်အဆင့်အလိုက် အင်အားတိုးချဲ့ခန့်ထားရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုပါကြောင်းနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလတွင် အကောင်အထည်ဖော်ခန့်ထားဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။