(င)-စစ်တွေ-ရသေ့တောင်-ဘူးသီးတောင်သွားသင်္ဘောများ လူစီးခနှင့် ကုန်စည်ပို့ဆောင်ခနှုန်းများ ပိုမိုကောက်ခံ သည့်ကိစ္စနှင့် စပ်လျဉ်းသည့်မေးခွန်း
ရခိုင်ပြည်နယ်ဟာ ရေလမ်းခရီးကို အဓိကထားပြီး သွားလာရတဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်တဲ့ စစ်တွေမှ ရသေ့တောင်၊ ရသေ့တောင်မှ ဘူးသီးတောင်ကို ခရီးသွားလာရာတွင်လည်း ရေကြောင်းခရီးဖြစ်လို့ သင်္ဘောများကို အသုံးပြုသွားလာ ရပါတယ်ရှင်။ ယခင်အစိုးရလက်ထက်မှာ စစ်တွေ-ရသေ့တောင်-ဘူးသီးတောင် ခရီးစဉ်အသွားအပြန် ဓညဝတီသင်္ဘော ၃ စီးရှိခဲ့ပါတယ်။ ၎င်းသင်္ဘောခရီးစဉ်များဟာ လူလတ်တန်းစားနဲ့ အောက်ခြေ လူတန်းစား ဆင်းရဲသားပြည်သူတို့ အားထားအသုံးပြုနေသော ခရီးစဉ်သင်္ဘောများဖြစ်ကြပါတယ်။ အောက်ခြေလူတန်းစားများဖြစ်တဲ့ ဆင်းရဲသားပြည်သူများဟာ ယင်းသင်္ဘောများကို အမှီပြုပြီး ခရီးသွားလာခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းများကို ပင်ကိုဆောင်ရွက်လျက်လည်းရှိကြပါတယ်။ ပို့ဆောင်ရေးဝန်ကြီးဌာန၏ ပြည်တွင်းရေကြောင်းဌာနမှ ပြေးဆွဲနေသော ခရီးစဉ်ပေါင်း ၅၀ ကျော်ရဲ့လက်မှတ်ခနှုန်းထားများကို သြဂုတ်လ ၁ ရက်မှစတင်၍ နှစ်ဆတိုးလိုက်တယ်လို့လည်း သိရှိရပါတယ်ရှင်။ ပြင်ပမှကုမ္ပဏီများကိုလည်း ဝင်ရောက်လုပ်ကိုင်ခွင့် ပေးလိုက်တာကိုလည်း သိရှိရပါတယ်ရှင်။ ယခင်အစိုးရလက်ထက်မှာ သင်္ဘောခရီးစရိတ်နှုန်းထား များဟာ လူတစ်ဦးလျှင် စစ်တွေ-ဘူးသီးတောင် ၄၀၀ ကျပ်နဲ့ ကုန်ချိန်ပိဿာ ၁၀၀ လျှင် ၁၀၀ ကျပ် ဖြစ်ပါတယ်။ ယခုအခါမှာတော့ ၎င်းအစိုးရပိုင်သင်္ဘောများကို ပြင်ပကုမ္ပဏီတစ်ခုက ငှားရမ်းလိုက်ပြီး ၁၃-၇-၂၀၁၁ ရက်နေ့မှ စတင်ပြေးဆွဲခဲ့ရာမှာ လူတစ်ဦးလျှင် စစ်တွေ-ဘူးသီးတောင် ၃၀၀၀ ကျပ် ဖြစ်သွားခဲ့ပါတယ်။ ယခင်ကဈေးနှုန်းထက် ၇ ဆခွဲ မြင့်တက်သွားတာကို တွေ့ရှိရပါတယ်ရှင်။ ကုန်စည် များကိုလည်း သတ်မှတ်ချက်မရှိဘဲ ကြုံသလိုကောက်ခံနေလျက်ရှိနေပါ၍ ကုန်စည်ဈေးနှုန်းများ မြင့်တက်မှုဒဏ်ကိုလည်း ဆင်းရဲသောပြည်သူများကခံစားကြရပါတယ်။ ရခိုင်ပြည်နယ်သည် ဖွံ့ဖြိုးမှု နည်းပါးနေသော ဒေသတစ်ခုလည်းဖြစ်ပါတယ်ရှင်။ တိုးမြှင့်လိုက်တဲ့သင်္ဘောခဈေးနှုန်းမှာ အောက်ြခေ လူတန်းစား၊ ဆင်းရဲသားပြည်သူများအတွက် ယင်းပမာဏမှာ ကြီးမားလွန်းလှပါတယ်။ သို့ဖြစ်ပါ၍ ကျွန်မ၏မဲဆန္ဒရှင် ပြည်သူလူထုများသက်သာချောင်ချိစေရေး အတွက် ပြင်ပကုမ္ပဏီများမှ စစ်တွေ-ရသေ့တောင်-ဘူးသီးတောင်ခရီးစဉ်တွင် ယခင်ဈေးနှုန်းထက် ခုနစ်ဆခွဲအထိ တိုးမြှင့်ကောက်ခံနေ သည်ကို နိုင်ငံတော်မှစေတနာမေတ္တာထားပြီး အတိုင်းအတာတစ်ခုအထိ လျှော့ချပေးနိုင်ရေးနှင့် ကုန်စည်ဝန်ဆောင်ခများ၊ လူစီးသင်္ဘောခများ၊ အိပ်ခန်းခများကို ခရီးစဉ်အလိုက် တရားဝင်လျှော့ပေါ့ သတ်မှတ်ပေးနိုင်ရေးကို ပြည်သူများမှဆန္ဒရှိနေကြပါ၍ ပြည်သူများကိုယ်စား ဤမေးခွန်းကို မေးမြန်း ရခြင်းဖြစ်ပါတယ်ရှင့်။ စစ်တွေ-ရသေ့တောင်-ဘူးသီးတောင်သွား အစိုးရနှစ်ထပ်သင်္ဘောပြေးဆွဲခွင့်ကို ပုဂ္ဂလိကလက်သို့ လွှဲပြောင်းပေးပြီးနောက်ပိုင်း လူစီးခနှုန်းနဲ့ကုန်စည် ပို့ဆောင်ခနှုန်းထားများမှာ ယခင်ကထက်ပိုမိုပြီး အောက်ပါအတိုင်း ကောက်ခံနေသည်ကိုသိပါသလား။ လူတစ်ဦးလျှင် စစ်တွေမှ ရသေ့တောင်ကို ယခင် ၂၀၀ ကျပ် ယခု ၁၅၀၀ ကျပ်ဖြစ်ပါတယ်။ ရသေ့တောင်မှ ဘူးသီးတောင်ကို ယခင် ၂၀၀ ကျပ် ယခု ၁၅၀၀ ကျပ်ဖြစ်ပါတယ်ရှင်။ စစ်တွေမှဘူးသီးတောင်ကို ယခင် ၄၀၀ ကျပ် ယခု ၃၀၀၀ ကျပ်ဖြစ်ပါတယ်ရှင်။ ကျန်ကုန်ပစ္စည်း ပိဿာ ၁၀၀ ကို ယခင် ၁၀၀ ကျပ်၊ ယခုကြုံသလို ကောက်ခံနေပါတယ်ရှင်။ စစ်တွေမှဘူးသီးတောင်ကို အိပ်ခန်းတစ်ခန်းမှာ အိပ်ကုတင်တစ်လုံးပါတာ အရင်တုန်းက ၃၂၀၀ ကျပ်၊ အခုတော့ ၁၂၀၀၀ ကျပ်ဖြစ်နေပါတယ်ရှင်။ သိရှိပါတယ်ဆိုလို့ရှိရင် ယင်းနှုန်းထားများဟာ အစိုးရနဲ့ပုဂ္ဂလိကချုပ်ဆိုထားသော စာချုပ်ပါနှုန်းထား ဟုတ်မဟုတ်ကို ဖြေကြား နိုင်ပါမည်လားရှင်။ မဟုတ်ပါလျှင် ဤခရီးစဉ်အပါအဝင် ရခိုင်ပြည်နယ်တစ်ခုလုံးအတွက် ပြည်သူများ သက်သာချောင်ချိစွာ သုံးစွဲနိုင်မည့်နှုန်းထားများကို ခရီးစဉ်အလိုက် သတ်မှတ်ပေးနိုင်မည်ကို မေးမြန်းပါသည်။