(ခ)-၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ပျော်ဘွယ်မြို့အပါအဝင် မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးများအတွင်းရှိမြို့နယ်များတွင် မီးသတ်စခန်းများတိုးချဲ့ထားရန်၊ ခေတ်မီ မီးသတ်ယာဉ်များ တိုးချဲ့ဝယ်ယူပေးရန်အစီအစဉ် ရှိ၊ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
အညာဒေသဟာ နွေရာသီမှာ အလွန်ပဲခြစ်ခြစ်တောက် ပူပြင်းခြောက်သွေ့လှပါတယ်။ နွေရာသီမှာ မီးဘေးအန္တရာယ်ဖြစ်မှာကို ပြည်သူလူထုတွေက အလွန်ပဲ စိုးရိမ်နေကြရပါတယ်။ ကျွန်တော့်အနေနဲ့ ငယ်စဉ်က အရန်မီးသတ်တပ်ဖွဲ့မှာ တပ်စုမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့တဲ့ အတွေ့အကြုံအရလည်းကောင်း၊ ယခုနှစ် ၂ လပိုင်းမှာ ပျော်ဘွယ်မြို့မှာ စက်မှု ဝန်ကြီးဌာနရဲ့ ဝန်ထမ်းနေအိမ်များနှင့် ဧည့်ခန်းဆောင်များကို မီးလောင်တဲ့အတွေ့အကြုံများအရ လည်းကောင်း မီးသတ်ကား Fighter မီးသတ်ကား ၁ စီးကို ရေသယ်ယာဉ် ၂ စီးလိုအပ်တာလည်း တွေ့ရှိရပါတယ်။ နောက် မီးလောင်တဲ့အချိန်မှာ အချိန်မီငြှိမ်းသတ်နိုင်ဖို့အတွက် ကျွန်တော်တို့ဟာ ရမည်းသင်းမြို့နယ်ကို လှမ်းပြီးတော့ အကူအညီတောင်းရပါတယ်။ ဒါပေမယ့် အကူအညီလာပေးသော် လည်းပဲ ကျွန်တော်တို့ဟာ သွားတဲ့လာတဲ့ အချိန်နဲ့ကျတော့ ၄၅ မိနစ် လောက်ကြာပြီးတော့မှရောက်တဲ့ အခါမှာ လောင်စရာကကုန်သွားပါပြီခင်ဗျား။ အဲ့ဒါကြောင့် ဆိုလိုတာက ကူညီပေးတာကို ကျေးဇူးတင် ပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့မှာက တကယ်လို့သာ မြို့မှာ မီးသတ်ကားတွေ များများစားစား ရှိမယ်ဆိုလို့ရှိရင် ပြည်သူ့ဘဏ္ဍာတွေ ဒီလောက် ဆုံးရှုံးစရာအကြောင်းမရှိဘူးလို့ တင်ပြခြင်း ဖြစ်ပါ တယ်။ ဒါကြောင့် မြန်မာနိုင်ငံတစ်ဝန်းမှာ မီးလောင်ဆုံးရှုံးနေရတဲ့ တန်ဖိုးတွေကိုကြည့်ရင် လွန်စွာများ ပါတယ်။ အသက်တွေလည်းပေးရတာ ရှိပါတယ်။ ဒါကြောင့် အဆင့်မီတဲ့မီးသတ်ကားတွေကို တစ်မြို့ကို ၂ စီး လောက်ထပ်တိုးပြီးတော့ ကျွမ်းကျင်တဲ့ဝန်ထမ်းတွေကို တိုးလိုက်ရင် နိုင်ငံပိုင်ပစ္စည်းတွေနှင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ထိထိရောက်ရောက် ကာကွယ်နိုင်ပါလိမ့်မယ်။ ဒါကြောင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ မီးသတ်ကားတွေဝယ်ဖို့၊ မီးသတ်ဝန်ထမ်းတွေတိုးဖို့၊ မီးသတ်စခန်းတွေတိုးချဲ့ဖွင့်လှစ်ဖို့အတွက် ဘတ်ဂျက်များ တိုးချဲ့လျာထားဖို့လိုမယ်လို့ ကျွန်တော့် အနေနဲ့ယူဆပါတယ်။ ဒါကြောင့် ကျွန်တော်မေးမြန်းလိုတဲ့ မေးခွန်းကတော့ မြန်မာနိုင်ငံတစ်ဝန်းမှာ နှစ်စဉ်မီးဘေးအန္တရာယ်ကြောင့် ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်နှင့် နိုင်ငံပိုင်ပစ္စည်းတွေ ဆုံးရှုံးမှုများစွာ ရှိနေပါတယ်။ ထိုသို့ဆုံးရှုံးမှုများကို ထိထိရောက်ရောက်ကာကွယ်နိုင်ရန် မီးလောင်မှု အများဆုံးဖြစ်တဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသများဖြစ်တဲ့ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ်များမှာ မီးသတ်စခန်း တွေ တိုးချဲ့ဖွင့်လှစ်ပြီးတော့ ခေတ်မီတဲ့ မီးသတ်ယာဉ်များ တိုးချဲ့ချထားပေးသင့်ပါတယ်။ သို့ဖြစ်ပါ၍ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ ထိုသို့မီးသတ်စခန်းများ တိုးချဲ့ချထားပေးရန်သော်လည်းကောင်း၊ ခေတ်မီမီးသတ်ယာဉ်များ တိုးချဲ့ဝယ်ယူပေးရန်သော်လည်းကောင်း အစီအစဉ်ရှိ၊ မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။