(စ)-ကျောက်ကြီးမြို့နယ်ဆေးရုံနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-25

ကျောက်ကြီးမြို့နယ်မှာ လူဦးရေတစ်သိန်းကျော်ရှိပါတယ်။ ကရင်အမျိုးသားများ၊ ရှမ်းအမျိုးသားများနဲ့ ဗမာအမျိုးသားများ စည်းလုံးညီညွတ်စွာနဲ့ နေထိုင်တဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့မြို့နယ်မှာ သက်ဆိုင်ရာတပ်ရင်း တပ်ဖွဲ့လေးခုမှာ မှီခိုနေတဲ့ မိသားစုများဟာ မြို့နယ်ဆေးရုံကို မှီခိုနေရတာဖြစ်ပါတယ်။ ကျွန်တော်တို့မြို့နယ်မှာ တိုက်နယ် ဆေးရုံနှစ်ခုနဲ့ မြို့နယ်ဆေးရုံတစ်ခုရှိပါတယ်။ မြို့နယ်ဆေးရုံမှာဆိုလို့ရှိရင် ဆရာဝန်တစ်ဦးတည်း ရှိတာဟာ တစ်နှစ်ကျော်ပါပြီ။ သက်ဆိုင်ရာကျန်းမာရေးဦးစီးဌာနကလည်းပဲ ၁၉-၁-၂၀၁၁ ရက်စွဲပါ စာအမှတ်၊ ကမဘ/ဃ(၉၀၁)၂၇ နဲ့ ခုတင် ၅၀ ဆေးရုံကြီးအဆင့်ကို ဖွင့်လှစ်ခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။ ဇန်နဝါရီလအတွင်းမှာဖြစ်ပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ မြို့နယ်ဟာ တောတောင် ထူထပ်တဲ့အတွက် ငှက်ဖျား၊ တီဘီနဲ့ မြွေကိုက်တဲ့ဝေဒနာ အများအပြားဟာ အခြားမြို့နယ်များထက် ပိုပါတယ်။ အထူးသဖြင့်ကတော့ ကျွန်တော်တို့မြို့နယ်ဟာ ထိခိုက်ဒဏ်ရာရမှုနဲ့ ပတ်သက်လို့ အင်မတန်များပြားတဲ့မြို့နယ်တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ထိခိုက်ဒဏ်ရာရနေတဲ့ ပုဂ္ဂိုလ်တွေဟာ ကျေးလက်မှာရှိတဲ့ ကျေးလက်ပြည်သူတွေအများစုဟာ ထိခိုက်ဒဏ်ရာရပါတယ်။ အဲဒီတော့ ခုတင် ၅၀ ဆေးရုံကြီးမှာ မြို့နယ်ဆရာဝန်တစ်ဦးတည်းဟာ ကျွန်တော်ကိုယ်တိုင်ဆေးရုံမှာ အမြဲတစေ အကူအညီ ပေးနေတဲ့အတွက် ခံစားနားလည်သိရှိရပါတယ်။ ဒီဆရာဝန်ကြီးဟာဆိုလို့ရှိရင် အင်မတန်ချီးကျူး စရာကောင်းတဲ့ ဆရာဝန်ကြီးဖြစ်ပါတယ်။ ဒေါက်တာဦးခင်ဇော် သူဟာဆိုလို့ရှိရင် တစ်နှစ်ခွဲ ကျော်ကျော်မှာ တစ်ဦးတည်းနဲ့ တစ်ခါတစ်ရံမှာ ထိခိုက်ဒဏ်ရာရပြီးတော့မှ တစ်နေ့တည်းမှာ သုံးဦး ဖြတ်တောက်ရတာတွေ ရှိပါတယ်။ တခါတစ်ရံမှာ ရက်ဆက်ဖြတ်တောက်ခွဲစိတ်ရတာတွေ ကျွန်တော်တို့ မြို့နယ်မှာ ရှိပါတယ်။ တစ်နည်းအားဖြင့် ပဲခူးတိုင်း ၂၈ မြို့နယ်ပေါင်းရင် ခွဲစိတ် ဖြတ်တောက်ထားရတဲ့ ဒုက္ခိတတွေဟာ ကျွန်တော်တို့မြို့နယ်မှာ ပိုများမယ်လို့ ယူဆရပါတယ်။ ကျွန်တော့် မဲဆန္ဒရှင်တွေ ထဲမှာလည်း ဒုက္ခိတဟာတော်တော်များများရှိတယ်လို့ ကျွန်တော်ကိုယ်တိုင်လည်းပဲ အကူအညီပေးခဲ့ ရလို့ သိရှိရပါတယ်။ ဒီဆရာဝန်ကြီးဟာဆိုလို့ရှိရင် အစည်းအဝေးတက်ရတာလည်း သူပါပဲ။ နောက်ဆေးရုံရဲ့ စီမံခန့်ခွဲရေးကို ဆောင်ရွက်ရတာလည်းသူပါပဲ။ ခွဲစိတ်ဖြတ်တောက်ရတာလည်း သူပဲဖြစ်တဲ့အတွက် ကျောက်ကြီးမြို့နယ်မှာ မညည်းမညူဘဲနဲ့ တစ်နှစ်ခွဲကျော်ကျော် ဆောင်ရွက် ခဲ့ရတာရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကျန်းမာရေးဦးစီးဌာနကနေပြီးတော့ ၁၉-၁-၂၀၁၁ နေ့ ကစပြီးတော့ ကျောက်ကြီးမြို့နယ်မှာ ခုတင် ၅၀ ဆံ့ ဆေးရုံအဖြစ် ဖွင်‌့လှစ်ခဲ့ရပြီးတဲ့နောက်မှာ ဒီနေ့အထိ တစ်ဦးတည်းသော မြို့နယ်ဆရာဝန်ကြီးရှိပြီး လက်ထောက်လည်း မရှိပါဘူး။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ မြို့နယ်ရဲ့လိုအပ်ချက်ဖြစ်တဲ့အဆောက်အဦ၊ လိုအပ်တဲ့ပစ္စည်းပစ္စယနဲ့ လိုအပ်တဲ့ ဖွဲ့စည်းပုံပြည့်ဆရာဝန်၊ ဆရာမများကို ခန့်အပ်ပေးနိုင်ရေးအတွက် အစီအစဉ် ရှိ၊ မရှိ သိလိုပါတယ်။ တကယ်လို့ အစီအစဉ်ရှိရင်လည်းပဲ အမြန်ဆုံးနည်းနဲ့ ဘယ်အချိန်ကာလလောက်မှာ ဆောင်ရွက် ပေးနိုင်မလဲဆိသည်ကို သိလိုကြောင်း မေးမြန်းပါသည်။