(ဆ)-ပေါက်ခေါင်းမြို့နယ်ဆေးရုံနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-25

ပေါက်ခေါင်းမြို့နယ်မှာ ၁၆ ခုတင်ဆံ့ကနေ ၂၅ ခုတင်တိုးချဲ့ပေးတာ အချိန် တော်တော်လေး၊ နှစ်ပေါင်း တော်တော်လေးကြာသွားပါပြီ။ အဲဒီအခါမှာ ကျွန်တော်တို့ ပေါက်ခေါင်း မြို့နယ်အနေအထား၊ အတွင်းလူနာအဖြစ် ပြည့်ကျပ်နေတဲ့အတွက် ကျွန်တော်တို့ ကိုယ်တိုင်သည်ပင် လျှင် ယာယီတိုးချဲ့ဆောင်အဖြစ် မြို့ထဲမှာအလှူခံပြီးတော့လုပ်ထားရခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီယာယီတိုးချဲ့ဆောင်သည် ထရံကာလေးဖြစ်တယ်။ ဒါကြောင့်မို့လို့တက်လာတဲ့လူနာတွေမှာ လေ၊ မိုးဒဏ်တွေခံနေရတဲ့အတွက် ကျန်းမာရေးဟာပိုပြီးတော့ ဆိုးသွားမယ်လို့ ထင်ပါတယ်။ ဒါကြောင့် ကျွန်တော် အခုတင်ပြမယ့်မေးခွန်းက ၂၅ ခုတင်ဆံ့နဲ့ လျော်ညီစွာ အဆောက်အဦကို တိုးချဲ့ပေးနိုင် ပါတယ်။ တိုးချဲ့ပေးပါလို့ ပြည်ထောင်စုဝန်ကြီးအားလည်း အထူးမေတ္တာရပ်ခံအပ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ပေါက်ခေါင်းမြို့ရဲ့ အခြေအနေကို အနည်းငယ်တင်ပြခွင့်ပြုပါ။ ကျွန်တော်တို့ ပေါက်ခေါင်းမြို့နယ်ဟာ ပဲခူးတိုင်းအနောက်ခြမ်းမှာဆိုလျှင် အင်မတန် ဟိုတုန်းကချောင်အကျဆုံး၊ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး မြို့တော်လေး ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဖဆပလခေတ်မတိုင်ခင် ဂျပန်ခေတ်ကဆိုရင်လည်း ဂျပန်တွေ ကြီးစိုးသွားပြီးတော့ ဂျပန်တွေကအဲဒီမှာ ပေါက်ခေါင်းက မြို့နယ်လေးအလျောက် ဝါ၊ နှမ်း၊ ပဲ၊ ပြောင်းတွေကလည်းပေါများတော့ ဂျပန်ကဝါတွေဝယ်တယ်၊ လှောင်တယ်။ သူတို့ပြေးခါနီးမှာ အဲဒီဝါတွေကိုမီးရှို့ခဲ့လို့ ပေါက်ခေါင်းမြို့ဟာ ပြာကျသွားခဲ့ရပါတယ်။ နောက်ဆုံး ဂျပန်တွေပြေးပြီးတဲ့ နောက်ပိုင်းမှာ ဖဆပလခေတ်မှာလည်း ထိုနည်းလည်းကောင်းပဲ ကျွန်တော်တို့ ပေါက်ခေါင်းသည် တိုးတက်သင့်သလောက် မတိုးတက်ခဲ့ပါဘူး။နောက်ဆုံးဗကပတွေ ကြီးစိုးပြီးတော့ အဲဒီမှာ ပေါက်ခေါင်းမြို့ကလေးဟာ ကွန်မြူနစ်မြို့တော်လို့ အခေါ်ခံရပြီးတော့ အင်မတန်ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသောမြို့ကလေး ဖြစ်ပါတယ်။ ယခုအချိန် ကျွန်တော်တို့ တပ်မတော်အစိုးရရဲ့စေတနာ၊ နိုင်ငံတော်ရဲ့မေတ္တာထားမှုကြောင့် ပေါက်ခေါင်းမြို့လေးသည် ရထားလမ်း တွေ၊ တစ်ခါမှ အိပ်မက်ထဲတောင် မမြင်ဖူးတဲ့ရထားလမ်းတွေ၊ ခရိုင်ချင်းဆက်လမ်းတွေ ဖြစ်ပြီးတော့ အားလုံးဖွံ့ဖြိုးတိုးတက် သင့်သလောက်တော့ ဖွံဖြိုးလာပါပြီ။ လူဦးရေအားဖြင့် ပြောမယ်ဆိုရင် ကျွန်တော်တို့ မြို့ပေါ်မှာ ၅ ရပ်ကွက်၊ တောင်ပေါ် ၁၄ အုပ်စုအပါအဝင် ၅၂ အုပ်စု၊ ၅၂ အုပ်စုနဲ့ ၅ အုပ်စုနဲ့ ပေါင်းတော့ ၅၇ အုပ်စု ရှိပါတယ်။ လူဦးရေအားဖြင့် နှစ်သိန်းနီးပါးရှိခဲ့ပါတယ်။ ဒါကြောင့် လူဦးရေကလဲ တိုးတက်များပြားလာတယ်။ ကျန်းမာရေးအနေနဲ့ ဟိုနေ့က ဒေါက်တာမြဦး ပြောသလိုပဲ မကျန်းမာလို့ရှိရင် ဘာမှအလုပ်မလုပ်နိုင်ဘူးဆိုတာ အားလုံးအသိပါပဲ။ ဒါကြောင့် လူတိုင်းလူတိုင်းဟာ ကျန်းမာရေး အရေးကြီးပါတယ်။ ကျွန်တော့်ကိုလည်း တစ်ခေါက်ပြန်သွားတိုင်း၊ ပြန်သွားတိုင်း မင်း အဲဒါတွေ မတင်သွင်းဘူးလား။ မင်းတို့ ဘာမှနားမလည်သေးဘူး၊ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီကို ဖော်ဆောင်နေတဲ့အခါမှာ စည်းကမ်းပြည့်ဝတဲ့ လွှတ်တော်ကြီး အစပျိုးနေပြီ။ ဒီလွှတ်တော်တစ်ရပ် ပေါ်ပေါက်လာလို့လည်း အခုလို ပြည်သူတို့ရဲ့ လိုအင်ဆန္ဒတွေ ဖော်ထုတ်နိုင်ပါလားဆိုပြီး၊ ဒီလိုလေးပြောပါတယ်။ အမှန် ပြောရမယ်ဆိုရင် ဥက္ကဋ္ဌကြီး ကျွန်တော့်ကိုခွင့်ပြုပါခင်ဗျား။ လွှတ်တော် အတွေ့အကြုံ ရှင်းလင်းပွဲမှာ တို့တွေဟာ ဘီယာပုလင်းထဲကထည့်တဲ့ ဘီယာဖန်ခွက်ထဲမှာ ရောက်နေတဲ့ ဘီယာအမြှုပ်တွေမဟုတ်ဘူး။ မင်းတို့တွေနဲ့ တောင်သူလယ်သမားတွေနဲ့ ခုမြင်ခုပျောက် မဟုတ်ပါဘူး။ အမြဲတမ်းထိတွေ့နေမယ့် အောက်ခြေလူတန်းစားတွေနဲ့ထိတွေ့နေမယ့် ပြည်သူ့ ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။ ယုံပါ၊ ယုံကြပါ။ ခင်ဗျားတို့ရဲ့ ဆန္ဒတွေ၊ ခင်ဗျားတို့ရဲ့ လိုအင်တွေကို အမြဲတမ်း ဖြည့်ဆည်း ပေးမယ့်လူတွေပါ။ ခင်ဗျားတို့ဘက်ကသာ တာဝန်ကျေအောင် အတ္တ သမ္မာ ပဏီဓိစဆိုတဲ့ မိမိကိုယ်ကို ကောင်းအောင်၊ ပြည့်စုံအောင် အဲဒီလို မင်္ဂလာတရားနဲ့ ပြည့်စုံအောင်သာ လုပ်ပါ။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေဘက်ကလည်း လိုအင်တွေကို ခင်ဗျားတို့ကပဲ ကျွန်တော်တို့ကိုယ်စားပြောပေးပါ၊ ပြောပေးပါဆိုပြီးတော့ ဆန္ဒအလျောက် ရွေးကောက်တင်မြှောက် လိုက်တဲ့ လူတွေပါ။ ဒါတွေတာဝန်ရှိပါတယ်ဆိုပြီးတော့ ကျွန်တော်တင်ထားတာတွေလည်း အများကြီးပဲ။ လမ်းပန်း ဆက်သွယ်ရေးတို့၊ ကျေးရွာမီးလင်းရေးတို့ အခုဆိုရင် ကျန်းမာရေးဟာ အရေးကြီးတဲ့အတွက် ကျန်းမာရေးမှာတင်တယ်။ ဒါကြောင့်မို့လို့ ဒီ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ပေါက်ခေါင်မြို့ဟာ လူဦးရေကလည်းများတယ်၊ ဖွံ့ဖြိုးတိုးတက်မှုကလည်း နှေးကွေးတယ်၊ ပြီးတော့ တစ်ချိန်ကလည်း ကွန်မြူနစ်မြို့တော်လေးကလည်းဖြစ်ခဲ့တယ်ဆိုတော့ ဒီမြို့လေးထဲမှာ ကျွန်တော်တို့တစ်တွေ အတင်း သူတို့ထဲကို ကျွန်တော်တို့ပါတီဝါဒတွေစိမ့်ဝင်ပျံ့နှံ့သွားအောင်လုပ်ပြီးတော့ကျွန်တော်တို့ကိုယ်စားလှယ် အဖြစ်လုပ်လာတဲ့လူတွေ၊ သူတို့ရဲ့ စိတ်ဓာတ်ကလေးတွေကို ပြုပြင်ပြောင်းလဲလာအောင် ကျွန်တော် ကိုယ်တိုင်သည်ပင်လျှင် တကယ်ဆောင်ရွက်ချင်တဲ့ဆန္ဒရှိတဲ့အတွက်၊ ဒါကြောင့် ကျွန်တော် နိဂုံးချုပ် အနေနဲ့ပြောရမယ်ဆိုရင် ဟိုတုန်းက ကျွန်တော်တောင်းခဲ့တဲ့ ၁၆ ခုတင်က နေပြီးတော့ ၂၅ ခုတင်ဆံ့ ပြည်သူ့ဆေးရုံလေး၊ ဒီဆေးရုံလေးမှာ တိုးချဲ့လူနာတွေကလည်း များပြား၊ မဆံ့မပြဲတွေဖြစ်နေတဲ့အတွက် သက်ဆိုင်ရာ ကျွန်တော်တို့ရဲ့ ကျန်းမာရေးဝန်ကြီးအနေနဲ့ အထူး မေတ္တာရပ်ခံပြီးတော့ ပြည်သူ့ဆေးရုံ တိုးချဲ့ဆောင်လေးအတွက်ကို ဆောင်ရွက်ပေးပါ။ တကယ်လို့ ဆောင်ရွက်ပေးမယ်ဆိုရင်လည်း မည်သည့်အချိန်၊ မည်သည့်အခါမှာ ဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။