(င)-လေလံပေးထားသော စက်သုံးဆီဆိုင်များမှ ပုဂ္ဂလိကဆီဆိုင်များကဲ့သို့ လိုသလောက်ရောင်းချပေးနိုင် အောင် စီစဉ်ဆောင်ရွက်ပေးခြင်းရှိ၊ မရှိနှင့်စပ်လျဉ်းသည်‌့မေးခွန်း

2020-12-25

မြန်မာနိုင်ငံအတွင်းရှိနေရာဒေသအနှံ့အပြား မှာရှိသော စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ စက်သုံးဆီဆိုင်များကို ပုဂ္ဂလိကသို့လေလံတင် ရောင်းချပြီး နိုင်ငံတော်မှ သတ်မှတ်ပေးထားသောဈေးနှုန်းဖြင့် လစဉ်ခွဲတမ်းပေးရောင်းချစေခဲ့ပါတယ်။ အဆိုပါလေလံရရှိသော ပုဂ္ဂလိကဆိုင်များဟာ နိုင်ငံတော်မှ သတ်မှတ်ပေးထားသော ဈေးနှုန်းအတက် အကျအတိုင်းရောင်းချသော်လည်း မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များကို လစဉ်ထုတ်ပေး နေသောခွဲတမ်းများမှာ တစ်မြို့နယ်နှင့် တစ်မြို့နယ်မတူညီခြင်း၊ အသစ်တိုးလာသော မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များကိုလည်း စက်သုံးဆီခွဲတမ်းထုတ်မပေးနိုင်ခြင်းတို့ကို တွေ့ရှိကြားသိရပါတယ်။ စက်သုံးဆီဈေးနှုန်းမှာလည်း ဒီဇယ်ဆီအနေဖြင့် ဈေးနှုန်းပြင်ပပေါက်ဈေးနဲ့မကွာဟသော်လည်း ဓာတ်ဆီဈေးနှုန်းကွာဟနေမှုကြောင့် မသမာမှုများရှိနေတာကိုလည်း ကြားသိနေရပါတယ်။ နိုင်ငံတော် အစိုးရထံမှရရှိတဲ့ လစဉ်ခွဲတမ်းစက်သုံးဆီများကို ပိုလျှံအောင်နည်းမျိုးစုံနဲ့လုပ်ဆောင်ကြပြီး အပြင်မှာ ထုတ်ရောင်းနေကြတဲ့အတွက် လက်ရှိနိုင်ငံတော်အစိုးရရဲ့ မူဝါဒများနဲ့ကိုက်ညီမှုမရှိတာကိုလည်း တွေ့ရှိနေရပါတယ်။ ဒါကြောင့်  နိုင်ငံတော်အစိုးရထံမှ လေလံရရှိထားကြသော စက်သုံးဆီဆိုင် များအား ပြင်ပပုဂ္ဂလိကစက်သုံးဆီဆိုင်များကဲ့သို့ တူညီသောဈေးနှုန်းဖြင့် လိုသလောက်ရောင်းချ ပေးနိုင်အောင် စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိသိရှိလိုကြောင်း မေးမြန်းပါသည်။

[ဦးသန်းမြင့်၊ ဝမ်းတွင်းမဲဆန္ဒနယ်ကိုယ်စား ဦးဌေးဝင်း၊ လယ်ဝေးမဲဆန္ဒနယ်မှ မေးမြန်းပါသည်။]