(က)-တရားရုံးအဆင့်ဆင့်၏ လာဘ်ပေးလာဘ်ယူအကျင့်ဆိုးများ ဖြစ်ပေါ်နေသည်ကို လျော့နည်းပပျောက် စေရန် မည်ကဲ့သို့ အရေးယူစီမံဆောင်ရွက်ထားမှုနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-25

အမှုတစ်ခုဖွင့်နိုင်ရန် သက်ဆိုင်ရာမြို့နယ်တရားရုံးသို့ သွားရောက်ရပါ တယ်။ တရားရုံးစာရေးနှင့်တွေ့ဆုံရပြီး ၎င်းရဲ့စီစဉ်ပေးမှုအရ မြို့နယ်တရားသူကြီးကို တွေ့ဆုံရာ အမှုလက်ခံရန်အတွက် ဂါရဝပြုရပါတယ်။ ပေးရတဲ့ပမာဏဟာ အမှုအခြေအနေပေါ်မူတည်ပြီး အနည်းအများ ရှိပါတယ်။ မြို့နယ်တရားသူကြီး၏ လမ်းညွှန်ချက်အရ မြို့နယ်ဥပဒေအရာရှိနှင့် ခရိုင်တရားသူကြီးတို့ထံ ဆက်လက်သွားရောက်တွေ့ဆုံကာ အမှုကိစ္စအဆင်ပြေစေဖို့ ဂါရဝပြုရပြန်ပါ တယ်။ မြို့နယ်တရားသူကြီးက အကြံပြုတဲ့ပမာဏအတိုင်းပေးရပါတယ်။ အဲဒီနောက် မြို့နယ်ဥပဒေ အရာရှိက အကြံပြုတဲ့အတိုင်း ခရိုင်ဥပဒေအရာရှိထံ ဆက်လက်သွားရောက်ပြီး ထပ်ဆင့်ဂါရဝပြုရပါ တယ်။ ထိုမျှနှင့်မပြီးသေးပါ တရားသူကြီးက အမှုကိစ္စပိုမိုအခြေအနေကောင်းမွန်စေဖို့ တရားရုံးနှင့် ဆက်ဆံလုပ်ကိုင်ရာမှာ အဆင်ပြေတဲ့ ရှေ့နေ ဦးအဝှာနှင့် ဒေါ်ဟိုဒင်းကို ငှားစေလိုကြောင်း၊ ၎င်းကို ငှားလျှင် အမှုအခြေအနေ ကောင်းမွန်နိုင်ကြောင်း အခြားရှေ့နေများဖြင့် ဆောင်ရွက်ပါက အမှု အခြေအနေအား အာမမခံနိုင်ကြောင်း ပြောကြားလေ့ရှိပါတယ်။ အဲ့ဒီအခြေအနေများကြောင့် ငှားရမ်းခဈေးနှုန်းပိုများတဲ့ တရားရုံးက ဆက်သွယ်ပေးတဲ့ ရှေ့နေများကို ငှားရပြန်ပါတယ်။ အဆိုပါကုန်ကျမှုများတွင် တရားရုံးစာရေးကို အလီလီပေးရမှုများ မပါသေးပါ။ ကာလကြာမြင့်စွာ အချိန်ယူစစ်ဆေးကြသော တရားရုံးဆောင်ရွက်ချက်များ ပြီးမြောက်၍ စီရင်ချက်မချမှတ်မီ ၎င်းအမှု အနိုင်ရရန်အတွက် မြို့နယ်တရားသူကြီးရဲ့ သတ်မှတ်ဈေးဖြတ်တဲ့အတိုင်း ကျေးဇူးတင်ကန်တော့ပန်း ဆင်ရပြန်ပါတယ်။ အကယ်၍ အမှုရှုံးနိမ့်ကာ ပြစ်ဒဏ်ချမှတ်ခံရပါက တရားသူကြီးအား ဥပဒေအရာရှိ နှင့် ၎င်းတို့ ဦးက စေတနာဖြင့် ကူညီတာကြောင့် ဒီလောက်ပဲ ကျခံရတာ သို့မဟုတ်ရင် ပြစ်ဒဏ်ပိုမိုကျခံနိုင်ရတယ်လို့ မိန့်ကြားလေ့ရှိ ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီနေ့တရားရုံးများဟာ ကျွန်တော်တင်ပြခဲ့တဲ့ ဖန်တီးကွက်၊ ဖန်ကွက်များ ခေတ်စားနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး တရားရုံးအများစုဟာ ထိုကဲ့သို့ ဖန်ကွက်ဆင် ရိုက်စား လုပ်နေကြသလို မန္တလေးတိုင်းဒေသကြီးနှင့် အခြားပြည်နယ်/တိုင်းဒေသကြီးမှာလည်း အဆိုပါ ဖန်ကွက်ရောဂါများ ကူးစက်ကာ လုပ်စားလျက်ရှိပါ ကြောင်း မြေပြင်သတင်းများအရ ကြားသိရပါတယ်။ ဖော်ပြပါအတိုင်းဖြစ်ပေါ်နေတဲ့ တရားရုံးများရဲ့ အခြေအနေကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေနဲ့ အခြေခံတရားရုံးများသို့ ကွင်းဆင်းစုံစမ်း စစ်ဆေးအရေးယူအပြစ်ပေးမှုများ ပြုလုပ်သင့်ပါတယ်။ အဲ့ဒီလို တရားရုံးများရဲ့ လာဘ်ပေးလာဘ်ယူ အကျင့်ဆိုးများ လျော့နည်းပပျောက်စေရန် မည်ကဲ့သို့ အရေးယူစီမံဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။