(စ)-မိုးမိတ်-သစ်ခွဲပင်-တွင်းငယ်လမ်းပြုပြင်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
မိုးမိတ်-သစ်ခွဲပင်-တွင်းငယ် လမ်းပိုင်းဟာ ၄၆ မိုင်ရှည်လျားပြီး မန္တလေး-ဗန်းမော် မဟာဗျူဟာလမ်းကို တွင်းငယ်မှာသွားရောက် ဆုံတွေ့တဲ့ လမ်းမကြီးတစ်ခု ဖြစ်ပါတယ်။ တွင်းငယ်မှ သစ်ခွဲပင်အထိ ၁၂ မိုင်ဟာ သပိတ်ကျင်း မြို့နယ်မှာပါဝင်ပြီး သစ်ခွဲပင်မှ မိုးမိတ်မြို့အထိ ၃၄ မိုင်ဟာ မိုးမိတ်မြို့နယ်အတွင်းမှာ ပါဝင်နေပါတယ်။ အဆိုပါ မိုးမိတ်-တွင်းငယ်လမ်းပိုင်းဟာ တံတားကြီးငယ် ၁၄၁ စင်းရှိပြီး မိုးမိတ်မြို့နယ်အတွင်းမှာ တံတား ၁၃၁ စင်း ရှိကြောင်းကိုလည်း သိရှိရပါတယ်။ အဆိုပါလမ်းပိုင်းကို ၂၀၀၂-၂၀၀၃ ခုနှစ်မှ စတင်ပြီး ၂၀၀၆-၂၀၀၇ ခုနှစ်အထိ လမ်းအထူးအဖွဲ့ ၁၄ မှ ဖောက်လုပ်ခဲ့ရာ အရှည်မိုင် ၄၆ မိုင်၊ လမ်းအကျယ်ပေ ၃၀၊ အမာခံမြေသားလမ်းအဖြစ် ဖောက်လုပ်ဆောင်ရွက်ခဲ့သဖြင့် မိုးမိတ်မြို့နယ်မှ လုပ်သားပြည်သူများနှင့်လမ်းကြောင်း တစ်လျှောက်ကျေးရွာအုပ်စု ၇ အုပ်စု၊ ကျေးရွာ ၁၉ ရွာ ယင်းလမ်းနှင့်ဆက်စပ်လျက် ကျေးရွာ ၁၉ ရွာနဲ့ ကျေးရွာအုပ်စုမှ ကျေးရွာ ၆ ရွာတို့နေထိုင်ကြတဲ့ ကျေးလက်နေပြည်သူလူထုများ ဝမ်းသာရွှင်မြူးခဲ့ကြပါတယ်။ဆက်လက်ပြီးတော့ ၂၀၀၈-၂၀၀၉ ခုနှစ် မှာ တကောင်း-ကသာလမ်း စီမံကိန်းဌာန ၊၂၀၀၉-၂၀၁၀ ခုနှစ်မှာ အဆောက်အဦအထူးအဖွဲ့-၆ မန္တလေးမှ တာဝန်အသီးသီးယူခဲ့ကြပါတယ်။ ဒါပေမယ့် ၂၀၁၀-၂၀၁၁ ခုနှစ်မှာ မိုးမိတ်-သစ်ခွဲပင် လမ်းပိုင်း ၃၄ မိုင်အား ကတ္တရာလမ်းခင်းရန်အတွက် ပြင်ဦးလွင်ခရိုင် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမိုင်တိုင် ၁၂ မှ မိုင်တိုင် ၁၄ မိုင် ၆ ဖာလုံအထိ တာဝန်ယူခဲ့ရာ ၆ ဖာလုံသာ လမ်းအပိုင်း ချိုင့်ခွက်များကိုဖာထေးခြင်းလုပ်ငန်းများကိုလည်းကောင်း၊ကျောက်ဆည်ခရိုင်ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ မိုင်တိုင် ၁၄ မိုင် ၆ဖာလုံ မှ ၂၃ မိုင် ၆ဖာလုံအထိ ၉ မိုင် ရှည်သောလမ်းပိုင်းတွင် ၆ ဖာလုံသာ ကတ္တရာခင်းခြင်း လုပ်ငန်းကိုလည်းကောင်း၊ အဆောက်အဦ အထူးအဖွဲ့ ၆၊ မန္တလေးအနေဖြင့် မိုင်တိုင် ၂၃ မိုင် ၆ဖာလုံမှ ၃၅ မိုင် အထိ ၁၂ မိုင် ၆ ဖာလုံလမ်းပိုင်းမှာ ပစ္စည်းများစုဆောင်းနေဆဲဖြစ်ပြီး လုပ်ငန်းအားလုံး၏ ၃၀% ကိုလည်းကောင်း၊ ကျောက်မဲခရိုင်၊ မိုးမိတ်မြို့နယ် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းအနေဖြင့် ၃၅ မိုင် ၆ဖာလုံမှ ၄၆ မိုင်အထိ ၁၀ မိုင် ၂ ဖာလုံတွင် ၁ မိုင်သာ ကတ္တရာခင်းခြင်း လုပ်ငန်းများကိုဆောင်ရွက်ခဲ့ ကြောင်းတွေ့မြင်ရပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ။ မိုးမိတ်-တွင်းငယ်လမ်းပိုင်း တံတားများအနေဖြင့်လည်း ၂၀၁၁- ၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ ပြင်ဆင်ထိန်းသိမ်းစရိတ် ချထားပေးခြင်းမရှိသည့်အတွက် ဆောင်ရွက်နိုင်မှုမရှိဘဲ ပျက်စီးသွားသောတံတားများမှာ ချောင်းရေခန်းခြောက်ချိန်တွင် လမ်းများမှ သွားရပြီး ချောင်းရေကြီးပါက မသွားနိုင်တော့တဲ့ အခြေအနေရှိကြောင်း သိရှိရပါတယ်၊၊ ဒိုင်းနမစ် ဆောက်လုပ်ရေးကုမ္ပဏီအနေဖြင့်လည်း သံကူကွန်ကရစ်တံတား ၆ စင်းအား လျာထားခဲ့ရာရန်ပုံငွေ ရရှိမှုအပေါ်မူတည်ပြီး တံတားများတစ်ဝက်တစ်ပျက်ဖြင့် ဆောင်ရွက်နေကြောင်းကိုလည်းသိရှိရပါ တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်မေးလိုတဲ့ မေးခွန်းကတော့(က) အဆိုပါမိုးမိတ်-သစ်ခွဲပင်-တွင်းငယ် လမ်းမကြီးအားဆောင်ရွက်ပြုပြင်နိုင်ရန် ရန်ပုံငွေများချထားပေးရန် အစီအစဉ်ရှိပါသလား။ အစီအစဉ် ရှိမည်ဆိုပါက မည်ကဲ့သို့သောအချိန်တွင် ချထားပေးပါမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။