(ဇ)-အောင်လံမြို့ရှောင်ကွင်းလမ်း ဖောက်လုပ်ပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-25

မကွေးတိုင်း ဒေသကြီး၊ အောင်လံမြို့သည် အလျားအားဖြင့် ၄ မိုင်ခွဲခန့် ရှည်လျားပြီး လူဦးရေထူထပ်သည့်မြို့ တစ်မြို့ဖြစ်ပါတယ်။ မြို့တွင်းမှာဖြတ်သန်းဖောက်လုပ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်တွင်  

စက်ဘီး၊ ဆိုက်ကား၊ ဆိုင်ကယ်၊ ထော်လာဂျီစသည့် အနှေးယာဉ်များဖြင့်လည်းကောင်း၊ မြို့တွင်းသွား ယာဉ်ကြီးယာဉ်ငယ်များဖြင့်လည်းကောင်း၊ အဝေးပြေးကုန်တင်ယာဉ်ကြီးများဖြင့် အဝေးပြေးခရီးသည် တင်ယာဉ်ကြီးများဖြင့်လည်းကောင်းများစွာရှုပ်ထွေးပြီး မကြာခဏယာဉ်အန္တရာယ်ကြီးငယ်များဖြစ်ပေါ် လျက်ရှိကြပါတယ်။ ယခုအခါ အောင်လံမြို့၏တောင်ဘက်ရှိ ပြည်မြို့တွင်လည်းကောင်း၊ မြောက်ဘက်ရှိ မကွေးမြို့တို့တွင်လည်းကောင်း မြို့ရှောင်ကွင်းလမ်းများ ဖောက်လုပ်ပေးထားသည့်အတွက် အဝေးပြေး ကုန်တင်ယာဉ်ကြီးများအပါအဝင် အဝေးပြေးခရီးသွားယာဉ်မျိုးစုံတို့သည် မြို့ရှောင်ကွင်းလမ်းမှ မောင်းနှင်ကြရသည့်အတွက် မြို့တွင်းမှာလမ်းရှင်းလာခြင်း၊ ယာဉ်အန္တရာယ်နည်းပါးလာခြင်း၊ မြို့တွင်း လမ်းများပျက်စီးမှု သက်သာလာခြင်း၊ မြို့အင်္ဂါရပ်နှင့်ပိုမို ညီညွတ်လာကြောင်း တွေ့ရှိရပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား ။        ကျွန်တော်မေးမြန်းလိုတဲ့ မေးခွန်းကတော့ အောင်လံမြို့သည်လည်း မြို့ပြ ကျယ်ပြန့်ပြီး မြို့နယ်လူဦးရေထူထပ်သည့် မြို့ဖြစ်သည့်အတွက် မြို့ရှောင်ကွင်းလမ်းဖောက်လုပ် ပေးရန်အစီအစဉ် ရှိ၊ မရှိ သိလိုပါကြောင်းမေးမြန်းပါသည်။