(ဃ)-မြန်မာနိုင်ငံဆေးကောင်စီအား အစိုးရမဟုတ်သော၊ လွတ်လပ်သော Professional Body အဖြစ် ဖွဲ့စည်းရန်နှင့် ဆေးပညာရှင်များကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် လိုအပ်သောဥပဒေ၊ နည်းဥပဒေများ စီမံဆောင်ရွက်ထားမှု အခြေအနေအား သိလိုပါကြောင်းနှင့်စပ်လျဉ်းသည့် မေးခွန်း
ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးတွင် ဗဟန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မောင်မောင်ဝင့်ရဲ့ မြန်မာနိုင်ငံဆေးကောင်စီအား အစိုးရမဟုတ်သော လွတ်လပ်သော Professional Body အဖြစ် ရပ်တည်ခွင့်ပြုရေးအဆိုနှင့် ဆေးပညာရှင်များ ကာကွယ်ရေးအဖွဲ့ (Medical Protection Society) ဖွဲ့စည်းနိုင်ရေးအတွက် လိုအပ်သော ဥပဒေ၊ နည်းဥပဒေများ စီမံဆောင်ရွက်သင့်ကြောင်းအဆိုကို တင်သွင်းခဲ့ပါတယ်။ ဒီအဆို ၂ ခုဟာ ပြည်သူ့လွှတ်တော်က လက်ခံအတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီရဲ့ တတိယပုံမှန်အစည်းအဝေးမှာ တင်သွင်းတဲ့ အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံဆေးကောင်စီသို့ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့မှာလည်းကောင်း၊ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ လည်းကောင်း ဆောင်ရွက်ပြီးစီးမှုအြခေအနေကို မေးမြန်းထားတာတွေ့ရပါတယ်။ ဆေးပညာရှင်များ ကာကွယ်ရေးအဖွဲ့ (Medical Protection Society) နှင့်ပတ်သက်ပြီးတော့လည်း ညှိနှိုင်း ဆွေးနွေးပွဲများ ဆောင်ရွက်နေကြောင်း ပညာရှင်စုံညီစွာဖိတ်ခေါ်ပြီး Medical Protection Society Challenge Possibilities and Realities ခေါင်းစဉ်နှင့် Work Shop တစ်ခုကျင်းပမည် ဖြစ်ကြောင်းနှင့် ဆေးပညာရှင်များအတွက်သာမက လူနာရှင်များအတွက်ပါ ကျေနပ်မှုရနိုင်စေမည့် ပဋိပက္ခဖျန်ြဖေရေးအသင်းကြီးတစ်ခု ပေါ်ပေါက်ရန် ရှေ့ပြေးလုပ်ငန်းစဉ်များ ရေးဆွဲဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေး ကော်မတီ၏ တတိယပုံမှန်အစည်းအဝေး အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။ ယခုအခါ ပုဂ္ဂလိက ဆေးရုံဆေးခန်းများ၊ အဖွဲ့အစည်းပိုင်ဆေးခန်းများ၊ နိုင်ငံပိုင်ဆေးရုံဆေးခန်းများ၊ ကျန်းမာရေး ဝန်ဆောင်မှုပေးနေကြတဲ့ အထူးကုဆရာဝန်ကြီးတွေ၊ တာဝန်ခံဆရာဝန်ကြီးတွေ၊ လက်ထောက် ဆရာဝန်တွေ၊ သူနာပြုနှင့်အခြားကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုကို ပေးနေသော ပုဂ္ဂိုလ်တွေဟာ အဆင့်ဆင့်ရှိနေကြပြီ ဖြစ်နေပါတယ်။ အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများတွင် အချင်းချင်းသော်လည်းကောင်း၊ လူနာရှင်များနှင့်သော်လည်းကောင်း သဘောထား မတူညီမှုများ၊ နားလည်မှုလွဲမှားခြင်းများ၊ တာဝန်မကျေခြင်းများ၊ လူ့အခွင့်အရေး မလိုက်နာခြင်းများ၊ အရည်အချင်းပျက်ယွင်းခြင်းများ၊ ကျင့်ဝတ်သိက္ခာ ဖောက်ဖျက်ခြင်းများ၊ တည်ဆဲဥပဒေများနှင့် သွေဖည်နေခြင်းများ စတဲ့ပြဿနာတွေဟာရှိနေကြပါတယ်။ ထိုသို့ များပြားလှစွာသော လူမှုရေးနှင့် အတတ်ပညာရောထွေးနေတဲ့ ဆေးပညာဆိုင်ရာပြဿနာများကို လက်ရှိအခြေအနေမှာ ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန် နည်းလမ်းများကို ကျန်းမာရေးဝန်ကြီးဌာန မြန်မာနိုင်ငံဆရာဝန်အသင်းနှင့် မြန်မာနိုင်ငံဆေးကောင်စီတို့က ဦးဆောင်ရှာဖွေဖော်ထုတ် အကောင်အထည်ဖော်ဖို့ တာဝန်ရှိနေ ကြောင်း တွေ့ရှိရပါတယ်။
လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်သူ့လွှတ်တော်က အတည်ပြုပြီးဖြစ်သော မြန်မာနိုင်ငံဆေးကောင်စီသည် လွတ်လပ်သော Professional Body ဖြစ်ရေးနှင့် ဆေးပညာရှင်များ ကာကွယ်ရေးအဖွဲ့ (Medical Protection Society) တို့ဖွဲ့စည်းသက်ဝင်လှုပ်ရှားလာမှသာ အထက် ဖော်ပြပါ ပြဿနာများကို ပီပီပြင်ပြင်ဆောင်ရွက်နိုင်မည်လို့ယူဆပါတယ်။ အဲ့ဒါကြောင့် အချိန်ကာလ အားဖြင့်လည်း ၁ နှစ်ကျော်ကြာသွားပြီဖြစ်တဲ့အတွက် လွှတ်တော်က အတည်ပြုထားတဲ့ ဖော်ပြပါ အဆိုနှစ်ခုအား မည်ကဲ့သို့အကောင်အထည်ဖော်ဆောင်ရွက်နေသည်၊ မည်သည့်ကာလတွင် ပြီးမြောက် မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။