(ဂ) ဘုန်းတော်တိုးရပ်ကွက် စည်ပင်သာယာနယ်နိမိတ်သတ်မှတ်ခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး ခင်ဗျား။ ကျွန်တော်ကတော့ အမရပူရမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦး ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကိုကြီးရဲ့ကိုယ်စား မေးခွန်းမေးမြန်းသွားမှာ ဖြစ်ပါတယ်။ ဦးကိုကြီး မေးမြန်းတဲ့ မေးခွန်းကတော့ ဘုန်းတော်တိုးရပ်ကွက် စည်ပင်သာယာနယ်နိမိတ် သတ်မှတ်ခြင်းနှင့် စပ်လျဉ်းတဲ့ မေးခွန်းဖြစ်ပါကြောင်း လေးစားစွာတင်ပြအပ်ပါတယ်ခင်ဗျား။
[ဦးကိုကြီး၊ အောင်မြေသာစံမဲဆန္ဒနယ်ကိုယ်စား ဦးသိန်းထွန်းဦး၊ အမရပူရမဲဆန္ဒနယ်မှ မေးမြန်းပါသည်။]
ဥက္ကဋ္ဌ။ ။ ဦးကိုကြီး၊ အောင်မြေသာစံမဲဆန္ဒနယ်မှ မေးသွားတဲ့မေးခွန်းအတိုချုပ်မှာ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဘုန်းတော်တိုးရပ်ကွက်သည် မန္တလေးမြို့ Down Town ဧရိယာအတွင်းတည်ရှိသော ရပ်ကွက်ကြီးတစ်ခုဖြစ်သော်လည်း ကန်တော်မင်တပ်မြို့စည်ပင် သာယာနယ်နိမိတ်အဖြစ်သတ်မှတ်ထားသော ရပ်ကွက်ဖြစ်၍ ရပ်ကွက်နေလုပ်သားပြည်သူများ၏ အဓိကအခက်အခဲမှာ မြေယာပိုင်ဆိုင်မှုနှင့်ပတ်သက်၍ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီသို့ ဂရန်လျှောက်ထားခွင့်မရှိဘဲနေထိုင်နေကြရပါသဖြင့် ဘုန်းတော်တိုးရပ်ကွက်နေ ပြည်သူ လူထုတစ်ရပ်လုံး၏ဆန္ဒအရ ပြောင်းလဲလာသောခေတ်စနစ်နှင့်အညီ ဘုန်းတော်တိုးရပ်ကွက်အား ကန်တော်မင်တပ်မြို့စည်ပင်သာယာမှ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်သို့ ပြောင်းလဲသတ်မှတ်ပေးပါရန်နှင့် ပြည်ထောင်စုအစိုးရမှသာ ဆောင်ရွက်ပေးနိုင်သော အခြေအနေ ရှိသည်ဟုသိရပါ၍ ဆောင်ရွက်ပေးနိုင်ပါရန်အစီအစဉ်ရှိ၊ မရှိသိလိုပါသည်ဟုမေးမြန်းတင်ပြထားပါ တယ်။ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ဖြေကြားပေးဖို့ဖြစ်ပါတယ်။