(ဈ)- ရန်ကုန်-ပြည်ကားလမ်းခြောက်လမ်းသွား တိုးချဲ့ရန်နှင့် စပ်လျဉ်းသည့် မေးခွန်း
ရန်ကုန်-ပြည် မော်တော်ကားလမ်းသည် လမ်းအရှည်မိုင် ၁၈၀ ရှိပါတယ်။ လမ်းပိုင်းအနေနဲ့ ရန်ကုန်နှင့်လက်ပံတန်းသည် ၈၅ မိုင်ရှိပြီးတော့ လမ်းအကျယ်မှာ ၂၂ ပေ ဖြစ်ပါတယ်။ လက်ပံတန်းနဲ့ ပြည်ခရီးမိုင်သည် ၉၅ မိုင်ဖြစ်ပြီးတော့ လမ်းအကျယ်သည် ၁၈ ပေဖြစ်ပါတယ်။ ရန်ကုန်-ပြည် မော်တော်ကားလမ်းသည် မကွေးတိုင်း ဒေသကြီးမှလည်းကောင်း၊ ရခိုင်ပြည်နယ်မှလည်းကောင်း ဒေသထွက်ကုန်ပစ္စည်းများနဲ့ကုန်စည် စီးဆင်းမှု၊ ခရီးသွားလာမှုများသော လမ်းဖြစ်ပါသည်။ ၎င်းအပြင် ရန်ကုန်-ပြည် မော်တော်ကားလမ်း သည် ၁၉၈၈ ခုနှစ်က ဖောက်လုပ်ပြီးစီးခဲ့ပြီးတော့ မြန်မာနိုင်ငံမှာ အကောင်းဆုံး၊ အဝေးပြေးနိုင်လွန် ကတ္တရာလမ်းအဖြစ်လူသိများခဲ့သော ကတ္တရာလမ်းဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုအခါ ရန်ကုန်-ပြည် မော်တော်ကားလမ်းသည် ယာဉ်များသွားလာရာတွင် လမ်းကျဉ်းမြောင်းခြင်း၊ လမ်းသက်တမ်းကြာ မြင့်ခြင်း၊ လမ်းကတ္တရာအလွှာများကွာနေခြင်းနဲ့ ချိုင့်များဖြစ်ပေါ်နေခြင်းကြောင့် ယာဉ်များသွား လာမှုနှောင့်နှေးရခြင်းများ ကြုံတွေ့နေရပါသည်။ ၎င်းအပြင် ကားလမ်း၏ ဘေးဝဲယာတစ်ဖက်တွင် ရှိသော လမ်းပုခုံးများသည်လည်းနိမ့်ကျ၍ ယာဉ်များရှောင်တိမ်းသည့်အခါမှာ အန္တရာယ်တွေ့ ကြုံနေ ရပါတယ်။ သို့ပါ၍ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ချောမွေ့စေရေးအတွက် အောက်ပါမေးခွန်း များကို မေးမြန်းမှာဖြစ်ပါတယ်။ နံပါတ်(၁)မေးခွန်းက ရန်ကုန်-ပြည်ကားလမ်းကို အဆင့်မြင့် ပြင်ဆင်ခြင်း၊ တိုးချဲ့ခြင်း အစီအစဉ်ရှိ၊ မရှိနဲ့ နံပါတ်(၂)မေးခွန်းက ရန်ကုန်-ပြည်ကားလမ်းအား ခြောက်လမ်းသွားတိုးချဲ့ရန် ယခင်တိုင်းတာမှုများရှိခဲ့သည်ကို ကြားသိရပါ၍ ယခုအနေနှင့် ခြောက်လမ်းသွားအဖြစ် တိုးချဲ့ရန်အစီအစဉ် ရှိ၊ မရှိကို သိလိုပါကြောင်း မေးမြန်းပါသည်။