(ည)- ခိုလမ်မှတာကော်အထိ လမ်းအဆင့်မြှင့်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း
တောင်ကြီးမှ တာချီလိတ်မြို့သို့ သွားတဲ့ ပြည်ထောင်စုလမ်းမကြီးဟာ ပြည်ထောင်စုအစိုးရပိုင် ကတ္တရာခင်းလမ်းမကြီးဖြစ်ပြီး တာချီလိတ်မြို့ သို့မဟုတ် ထိုင်းနယ်စပ်ဘက်သို့သွားတဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်ပါတယ်ရှင်။ တောင်ကြီးမြို့မှခိုလမ်မြို့ထိ နိုင်ငံသားပိုင်ကုမ္ပဏီများမှ BOTစနစ်ဖြင့် ဆောင်ရွက်ရန် ရရှိထားကြောင်း သိရှိရပါတယ်ရှင်။ ခိုလမ်မြို့မှ တာကော်တံတားအထိ ၆၃ မိုင်ရှိတဲ့ ကတ္တရာလမ်းမှာ လွန်စွာ ပျက်စီးနေပြီး နိမ့်ကျွံချိုင့်ခွက်ကြီးများမှာ အလွန်ကြီးမားနေ၍ ဖာထေးရုံမျှနှင့် ကောင်းမွန်နိုင်တဲ့ အနေအထား မရှိပါဘူးရှင်။ နိမ့်ကျွံချိုင့်ခွက်ကြီးများမှာ ဗင်တစ်စီးစာလောက်ရှိတဲ့အတွက် လမ်းပြုပြင်နေတဲ့ ဌာနမှာလည်း လွန်စွာအခက်အခဲတွေ့နေရပါတယ်။ အဆိုပါလမ်းပြုပြင်ရာတွင် စက်ယန္တရားလုံလောက်မှုမရှိခြင်း၊ လူအင်အား လုံလောက်မှုမရှိတဲ့အတွက်ကြောင့် အချိန်ကုန် လူပင်ပန်း ဖြစ်နေရပါတယ်ရှင်။ ထော်လာဂျီများဖြင့် မြေများ၊ ကျောက်များကိုသယ်ပြီးမှဖို့နေရပါတယ်။ မိုးရွာလျှင် ရွံ့ဗွက်အိုင်ကြီးအဖြစ် အသွင်ပြောင်းသွားတဲ့အတွက်ကြောင့် ပြည်သူနှင့်ယာဉ်များ သွားလာမှုအလွန်ခက်ခဲပါတယ်ရှင်။ ဒါကြောင့် ခိုလမ်မြို့မှ တာကော်တံတားထိ လမ်းပြုပြင်မယ့် အစီအစဉ်ကို ပြည်သူလူထုကိုယ်စား မေးမြန်းလိုခြင်း ဖြစ်ပါတယ်ရှင်။ ကျွန်မမေးမယ့် မေးခွန်းကတော့ (၁) တောင်ကြီးမြို့မှ ခိုလမ်မြို့အထိ လမ်းအဆင့်မြှင့်တင်ရေး၊ ပြုပြင်ရေးအတွက် နိုင်ငံတော်အစိုးရက နိုင်ငံသားပိုင်ပုဂ္ဂလိကကုမ္ပဏီများအား BOT စနစ်ဖြင့် ချထားပေးရာတွင် ခိုလမ်မြို့မှ တာကော် တံတားအထိ နိုင်ငံသားပိုင်ပုဂ္ဂလိကကုမ္ပဏီများအား BOT စနစ်ဖြင့် ချထားပေးပါမည်လား။ (၂)ခိုလမ်မြို့မှ တာကော်တံတားအထိ လမ်းအဆင့်မြှင့်တင်ရေး၊ ပြုပြင်ရေးအတွက်နိုင်ငံတော်အစိုးရက မည်ကဲ့သို့ အစီအစဉ်ရှိပါသနည်း။ (၃)ခိုလမ်မြို့မှ တာကော်တံတားအထိလမ်းအဆင့်မြှင့်တင်ရေး၊ ပြုပြင်ရေးအတွက် အစီအစဉ်ရှိသည်ဆိုပါက မည်သည့်အချိန်တွင် စတင်ဆောင်ရွက်မည်နည်းကို မေးမြန်းပါသည်။