(ဋ)-ညောင်ပင်ကွင်းရွာချောင်းကူးတံတားတည်ဆောက်ပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-25

တနင်္သာရီမြို့နယ်မှ အဓိကဆက်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်တဲ့ တနင်္သာရီမှကိုးမိုင်ရှည်လျားသော တနင်္သာရီ-ညောင်ပင်ကွင်း လမ်းမကြီးတစ်ခု ရှိပါတယ်ခင်ဗျား။ ဒီလမ်းမကြီးက ဘန်ကလောရွာ၊ ခြောက်မိုင်ရွာ၊ စကျင်ရွာ၊ ထုံတွန်ရွာ၊ ညောင်ပင်လေးရွာ၊ အနောက်ကမ်းများနှင့် ခ.မ.ရ (၅၆၁)တပ်ရင်း များတွင် အဓိကမှီခိုအားထားရတဲ့လမ်းများ ဖြစ်ပါတယ်ခင်ဗျား။ ဒီလမ်းပေါ်မှာ ညောင်ပင်လေးရွာ၊ အနောက်ဘက်ကမ်းနှင့် အရှေ့ဘက်ကမ်းနှစ်ရွာကို ကိုယ့်အားကိုယ်ကိုးတံတားနှစ်ခုဆောက်လုပ်ခဲ့ရာ ရေကြီး၍ပြိုကျပျက်စီးခဲ့တဲ့အတွက် ညောင်ပင်ကွင်းရွာ၊ အနောက်ကမ်းနှင့် အရှေ့ဘက်ကမ်းရွာများ အဆက်ပြတ်နေပြီးနယ်မြေလူထု နှစ်သောင်းခန့်ဟာလည်း အကျယ်ပေ ၃၀၀ ခန့်ရှိတဲ့ ညောင်ပင်ကွင်း ချောင်းကိုကူးတို့လှေများဖြင့် ခက်ခဲစွာကူးသန်းသွားလာနေရပါတယ်ခင်ဗျား။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ညောင်ပင်ကွင်းရွာအရှေ့ ဘက်ကမ်းမှာရှိတဲ့ အ.ထ.က ညောင်ပင်ကွင်းကျောင်းသို့ အနောက်ဘက်ကမ်းမှ ကျေးရွာများ၊ ကျောင်းသူ၊ ကျောင်းသားများ နေ့စဉ်နံနက်၊ ညနေကူးတို့ လှေများဖြင့် ခက်ခဲပင်ပန်းစွာကူးနေရခြင်း၊ ကုန်စည်နဲ့သီးနှံများသယ်ယူ ရောင်းချရန် အချိန်ကြန့်ကြာ ခြင်း၊ ခက်ခဲစွာကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ မြစ်ချောင်းအတွင်းကူးသန်းရာတွင် ခရီးသည်များအန္တရာယ် ရှိခြင်းတို့ကြောင့် ညောင်ပင်ကွင်းရွာ ချောင်းကူးတံတားအား ခိုင်ခံ့သောကွန်ကရစ်တံတားအဖြစ် ဆောက်လုပ်ပေးရန် နယ်မြေအတွင်းရှိ ပြည်သူလူထုကအားကိုးမျှော်လင့်လျက်ရှိပါတယ်ခင်ဗျား။ ဒါကြောင့်မို့ ကျွန်တော် မေးခွန်းလေးသုံးခုကို မေးပါရစေခင်ဗျား။ (၁)တနင်္သာရီမြို့နယ်အတွင်းရှိ ညောင်ပင်ကွင်းတံတားကို ခိုင်ခံ့သောကွန်ကရစ်တံတားအဖြစ် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိပါ သလား။ (၂)အကယ်၍ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိပါက မည်သည့်ကာလတွင် ဆောက်လုပ် ပေးရန် စီစဉ်ထားရှိပါသနည်း။ (၃) ဆောက်လုပ်ပေးရန် အစီအစဉ်မရှိသေးပါက အခြားမည်သည့်    အစီအစဉ်များ လုပ်ဆောင်ပေးနိုင်ရန်ရှိပါသနည်းကိုမေးမြန်းပါသည်။