(ဌ)-ဆင်တဲ-နဝဒေးတံတား လမ်းပိုင်းအဆင့်မြှင့်တင်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း
ပန်းတောင်းမြို့နယ်ဟာ ပြည်မြို့ကိုအဓိကထားပြီး ဆက်သွယ်နေရတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ အဲဒီမြို့မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက နဝဒေးတံတားနှင့် မြို့တွင်းလမ်းများကို ပြုပြင်ပေးတဲ့အတွက် မြို့သူ၊ မြို့သားအားလုံးက ကျေးဇူးတင်လျက်ရှိပါတယ်။ အဲဒီလမ်းတစ်လျှောက်မှာရှိတဲ့ ဆင်တဲ ကျေးရွာနဲ့ နဝဒေးတံတားလမ်းပိုင်းဟာတော့ ၂ မိုင်လောက်ကွာဝေးပါတယ်။ အဲဒီ လမ်းပိုင်းဟာ တောင်ကမ်းပါးယံကြောမှဖြတ်ပြီးတော့ ဖောက်လုပ်ထားတာဖြစ်ပါတယ်။ အဲဒီအတွက် တစ်ဖက်မှာ မြစ်ကမ်းပါး ရှိပြီးတော့ တစ်ဖက်မှာကျောက်တောင်ကမ်းပါးယံတွေရှိပါတယ်။ အဲဒီကျောက်တောင် ကမ်းပါးယံတွေ ကိုသွားရတဲ့အခါမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက လမ်းကိုပြုပြင်ပေးထား သော်လည်း တစ်ခါတစ်ခါ မိုးရွာသွန်းမှုများတဲ့အခါမှာ ကမ်းပါးများပဲ့ကျပါတယ်။ လမ်းကျဉ်းပါတယ်။ အဲဒါကြောင့်မို့လို့ ကားလေးများပင်လျှင် ကားတစ်စီးနဲ့တစ်စီးရှောင်လို့မလွယ်ပါဘူး။ အဲဒီမှာ ကားကြီးတွေ၊ နောက် Express ယာဉ်များမသွားနိုင်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ ဆင်တဲ ကျေးရွာမှာရှိတဲ့ နိုင်ငံပိုင်စက်ရုံကြီး ၂ ရုံနဲ့ မိုးကောင်းစက်မှုသင်တန်းကျောင်းက ပစ္စည်းတွေသယ်ပို့ရာ မှာလည်း ကျွန်တော်တို့ ကုန်ကြမ်းသယ်မယ်၊ ကုန်ချောတွေပြန်ပို့မယ်ဆိုလို့ရှိရင် ဒီလမ်းကို အသုံး မပြုနိုင်ပါဘူး။ အဲဒါကြောင့်မို့လို့ အဲဒီ ၂ မိုင်လောက်ကို ကျဉ်းနေတဲ့နေရာလေးကို တိုးချဲ့ပြီးတော့ လမ်းအဆင့်မြှင့်တင်ပေးမယ် ဆိုလို့ရှိရင် ပန်းတောင်းမြို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက်ကိုလည်း အထောက်အကူပြုရာရောက်ပါတယ်။ စက်ရုံကြီး နှစ်ရုံအတွက်လည်း ကုန်ကျစရိတ်ပိုမိုသက်သာ စေမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ပန်းတောင်းမြို့သူ၊ မြို့သားများက ဆင်တဲ-နဝဒေးတံတားလမ်းပိုင်းကို အဆင့်မြင့်တိုးချဲ့ပေးစေလိုတဲ့ ဆန္ဒရှိပါတယ်။ သို့ပါ၍ ကျွန်တော့်အနေနဲ့ မေးလိုတာကတော့ ဆင်တဲ-နဝဒေးတံတားလမ်းပိုင်းကို အဆင့်မြှင့်တိုးချဲ့ ပေးရန်အစီအစဉ် ရှိ၊ မရှိ မေးမြန်းပါသည်။