(ဂ)-ပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းသည့် အခြေခံရမည့်မူ ရှိ၊ မရှိ နှင့် ပြည်သူ့စစ်အဖွဲ့ဝင်အားအမှုဖွင့်လျှင် ရဲစခန်းမှ အရေးယူနိုင်ရန်တည်ဆဲသီးခြားဥပဒေ ရှိပါသလား နှင့်စပ်လျဉ်းသည့် မေးခွန်း
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်ဒေသ ကျေးရွာဒေသတချို့တွေမှာ လူထုကနေ ပြီးတော့ ပြည်သူ့စစ်ကိစ္စနှင့်ပတ်သက်ပြီးတင်ပြချက်များရှိတဲ့အတွက်ကြောင့်မို့လို့ ဒီမေးခွန်းမေးမြန်း ရခြင်းဖြစ်ကြောင်း သိရပါတယ်။ အကြောင်းအရင်းကတော့ ကျောက်မဲမြို့နယ်အတွင်းမှာရှိတဲ့ ပုံဟိုး ကျေးရွာအုပ်စု၊ မိုင်းလျော့ကျေးရွာအုပ်စုနှင့် မိုင်းတင်းကျေးရွာအုပ်စုဒေသတွေမှာ ဒေသခံပြည်သူလူထု တွေ တင်ပြချက်အရ ကျေးရွာဒေသပြည်သူ့စစ်တပ်ဖွဲ့များကို ပြည်သူ့ရဲ့ သဘောဆန္ဒမပါဘဲ ဖွဲ့စည်းခဲ့ခြင်း၊ အဲ့ဒီအဖွဲ့တွေကို ထောက်ပံ့ဖို့အတွက် အတင်းအဓမ္မငွေကြေးကောက်ခံမှုများရှိနေ ကြောင်းလည်း သိရပါတယ်။ ဒါ့အပြင် ပြည်သူများတင်ပြချက်အရ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးက ပြည်သူအား သေနတ်ဖြင့် ခြိမ်းခြောက်ကြိမ်းမောင်းဆဲဆိုစဉ် သေနတ်ကျည်ဆံထွက်သွားတဲ့ကိစ္စဖြစ်ပေါ် ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီကိစ္စနှင့်ပတ်သက်ပြီး ပြည်သူကနေပြီးတော့ ရဲစခန်းသို့ အမှုဖွင့်အရေးယူ ဆောင်ရွက်ပေးနိုင်ရန် တင်ပြခဲ့သော်လည်းပဲ ရဲစခန်းမှ ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဖြစ်နေတဲ့အတွက် တပ်မတော်ရဲ့ ညွှန်ကြားချက်ရပြီးမှ ဆက်လက်အရေးယူဆောင်ရွက်နိုင်မယ်လို့ အကြောင်းပြန်ခဲ့ ကြောင်း သိရပါတယ်။ ဒါ့အပြင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များဟာ တရားမဝင်သယ်ယူလာတဲ့ သစ်မှောင်ခို များ၊ နွားများစသည့်ကိစ္စကို လက်နက်ပြပြီးတော့မှ ငွေကြေးကောက်ခံမှုတွေရှိနေကြောင်း၊ နောက် အရက်သေစာ မူးယစ်သောက်စားရမ်းကားပြီးတော့ ဆောင်ရွက်မှုတွေလည်း ရှိနေခဲ့ကြောင်း၊ အဲ့ဒီ ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကို ရှမ်းပြည်နယ် နယ်စပ်ရေးရာဝန်ကြီးဌာနသို့ ဖုန်းနှင့်တင်ပြခဲ့သော်လည်း ဝန်ကြီးက ပြည်သူ့စစ်တပ်ဖွဲ့ ဝင်တွေကို ရှိတယ်ဆိုတာ မသိရှိခဲ့ရပါကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် တပ်ဖွဲ့ဝင်တွေဟာ လိုင်စင်မဲ့မော်တော်ကားများ စီးနင်းနေတဲ့အတွက်ကြောင့် ပြည်သူတွေရဲ့ တိုင်ကြားချက်၊ ရဲစခန်း၊ မြို့နယ်။ခရိုင်ရဲစခန်းနှင့် ခရိုင်အုပ်ချုပ်ရေးမှူးသို့ တိုင်ကြားခဲ့သော်လည်း အရေးယူဖမ်းဆီးနိုင်ခဲ့ခြင်း မရှိခဲ့သောကြောင့် ယခုလို ပြည်သူလူထုကို စိတ်အနှောင့်အယှက်ဖြစ်ပြီး တော့ အထိတ်တလန့်ဖြစ်နေရတဲ့အတွက် အမြဲစိတ်မချမ်းမြေ့မှုများဖြစ်ပေါ်နေသောကြောင့် အောက်ပါ မေးခွန်းများကို မေးမြန်းလိုပါကြောင်း။ မေးမြန်းလိုတဲ့မေးခွန်းကတော့ မြန်မာနိုင်ငံတွင် တရားဝင် ပြည်သူ့စစ်အဖွဲ့ ဘယ်နှစ်ဖွဲ့ရှိပါသလဲ။ ပြည်သူ့စစ်တပ်ဖွဲ့ကို ဖွဲ့စည်းတဲ့အခါ အခြေခံရမည့်မူရှိပါ သလား။ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ အနေနဲ့ တည်ဆဲတရားဥပဒေများကို ကျူးလွန်ပါက ရဲစခန်းမှာ အမှုဖွင့်တဲ့အခါ ရဲစခန်းမှ အရေးယူနိုင်ရန် တပ်မတော်ရဲ့ ညွှန်ကြားချက်စောင့်ပြီးမှ အရေးယူရမယ်ဆို သည်မှာ တည်ဆဲသီးခြားဥပဒေ ပြဋ္ဌာန်းသတ်မှတ်ထားတာများရှိပါသလားဆိုတာ သိရှိလိုပါကြောင်း မေးမြန်းပါသည်