(ဂ) အိန္ဒိယအစိုးရမှကူညီသောထောက်ပံ့ငွေများနှင့်စပ်လျဉ်းသည့်မေးခွန်း
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ အထူးဧည့်သည်တော်များအားလုံးကို မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ ဦးစွာဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ ကျွန်တော်ကတော့ ချင်းပြည်နယ်၊
မင်းတပ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထန်းလိန်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ မေးမြန်းမှာကတော့ အိန္ဒိယအစိုးရမှ ချင်းပြည်နယ်အတွက်ကူညီသော ထောက်ပံ့ငွေများနှင့် စပ်လျဉ်းပြီး မေးမြန်းမှာဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ၂၆-၇-၂၀၁၁ ရက်နေ့မှာ အိန္ဒိယကောင်စစ်ဝန် ဟားခါးမြို့ကိုလာရောက်ပြီး မြန်မာနိုင်ငံနှင့် အိန္ဒိယ သဘောတူစာချုပ်အရ အိန္ဒိယအစိုးရက ချင်းပြည်နယ်ရဲ့ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ အကူအညီပေးရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေး လာရောက်ခြင်းဖြစ်ကြောင်း ပညာရေး၊ ကျန်းမာရေးကဏ္ဍများမှာ အမေရိကန်ဒေါ်လာ ၄ သန်းတန်ဖိုးရှိတဲ့ အကူအညီများပေးမယ်လို့ ပြောကြားခဲ့ရာ ချင်းပြည်နယ် အစိုးရအဖွဲ့က ပညာရေးမှာ ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ၊ မိုက်ခရိုစကုတ်အစရှိတဲ့ ဓာတ်ခွဲခန်း သုံးဆက်စပ်ပစ္စည်းများ၊ အထက်တန်းကျောင်းများအတွက် နှစ်ထပ်စာသင်ဆောင်များ ပညာရေး ကဏ္ဍအတွက် စုစုပေါင်း ဒေါ်လာ ၂ သန်းဖိုး၊ ကျန်းမာရေးကဏ္ဍမှာ ဟားခါးမြို့ပြည်သူ့ဆေးရုံကြီးမှာ အမျိုးသမီးလူနာ ၃ ထပ်ဆောင်အပါအဝင် ချင်းပြည်နယ်အတွက် ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦများ၊ ဆေးရုံသုံးပစ္စည်းများ၊ ခွဲစိတ်ခန်းသုံးပစ္စည်းများ၊ ရေအားလျှပ်စစ်လုပ်ငန်းများ အတွက် လိုအပ်သည်များ စုစုပေါင်း ဒေါ်လာ ၂ သန်းဖိုး စာရင်းဇယားများပြုစုပြီးတော့ ကောင်စစ်ဝန် ထံပေးအပ်ခဲ့ပါတယ်။ ယင်းကိစ္စနှင့်ပတ်သက်လို့ အိန္ဒိယအစိုးရမှ နိုင်ငံတော်သို့ ပေးအပ်ပြီး ဖြစ်ကြောင်း တစ်ဆင့်စကားကြားသိရပါတယ်။ ဒါကြောင့်မို့လို့ ပွင့်လင်းရာသီမှာ လုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့အတွက် ထောက်ပံ့ငွေရရှိပြီးခြင်းရှိ၊မရှိနှင့် ရရှိပြီးပါက လုပ်ငန်းများမည်သည့်အချိန် တွင်စတင်ဆောင်ရွက်နိုင်မည်ကိုသိရှိလိုပါ၍ ပြည်သူလူထုကိုယ်စား လေးစားစွာဖြင့် မေးမြန်းထားပါသည် ။