(ဃ)-အဆင့်မြင့်တက္ကသိုလ်များ ပြုပြင်ပြောင်းလဲရာတွင် ရန်ကုန်မြို့ရှိ တက္ကသိုလ်များ(လှိုင်နယ်မြေ)အား အကျိုးရှိစွာ အသုံးပြုမည့် အစီအစဉ်များနှင့်စပ်လျဉ်းသည့် မေးခွန်း
ရန်ကုန်တက္ကသိုလ်(လှိုင်နယ်ြမေ)ကို ၁၉၇၀ လောက်မှာ တက္ကသိုလ်ကြီး တစ်ခု အသစ်ကြီး တည်ဆောက်ပါတယ်။ နိုင်ငံခြားအကူအညီနဲ့ အဲဒီတက္ကသိုလ်ကြီးက စာသင်ဆောင် တွေလည်းပဲ ပြည့်စုံပါတယ်။ စာသင်ခန်းမကြီးလည်း Theatre တွေလည်းပါတယ်။ အားကစားရုံကြီး လည်း ပါပါတယ်။ နောက်အဆောင်တွေလည်းပါပါတယ်။ ဆရာတွေနေမယ့် ဝန်ထမ်းအိမ်ရာတွေလည်း ပါပါတယ်။ နိုင်ငံတကာအဆင့်မီ Campus ကြီးတစ်ခုအနေနဲ့ တည်ဆောက်ခဲ့ပါတယ်။ အဲဒီခေတ်တုန်း က ရန်ကုန်တက္ကသိုလ်ပြီးရင်နောက် ကျွန်တော်တို့ ပြည်လမ်းမှာရှိတဲ့ အခု ဆေးတက္ကသိုလ်ယူထားတဲ့ လိပ်ခုံးလို့ခေါ်တဲ့ အဆောက်အဦကြီးပြီးရင် နောက် ကြို့ကုန်းမှာတည်တဲ့ စက်မှုတက္ကသိုလ်ကြီးပြီးရင် ဒီလှိုင် Campus က တက္ကသိုလ်ကြီးဟာ ခေတ်အမီဆုံး ဖြစ်ပါတယ်။ အဲဒီတက္ကသိုလ်ကြီး ပြီးသွားတဲ့ အခါကျတော့ ကျွန်တော်တို့ သီးခြားတက္ကသိုလ်တစ်ခုအနေနဲ့ မလုပ်တော့ဘဲနဲ့ ရန်ကုန်တက္ကသိုလ် အောက်မှာ လွှဲပေးလိုက်ပါတယ်။ ဒါကြောင့်မို့လို့ အဲဒီလှိုင်နယ်ြမေက အဆောက်အဦတွေကို ကျွန်တော်တို့ Natural Science Campus လုပ်ပြီးတော့ ကျွန်တော်တို့ ရန်ကုန်တက္ကသိုလ်ရဲ့ ပထမနှစ်၊ ဒုတိယနှစ် Science သင်တန်းတွေကို စပြီးတော့ ကျွန်တော်တို့ ဖွင့်လှစ်ပါတယ်။ အဲဒီက ကျောင်းသား တွေဟာ ဒီနေ့အထိ ဒီနယ်ြမေကို သူတို့ ခုံခုံမင်မင်နဲ့ လွမ်းဆွတ်နေတာ သိနိုင်ပါတယ်။ အဲဒီနောက် ကျွန်တော်တို့ ပညာရေးစနစ်တွေ ပြောင်းသွားတဲ့အခါကျတော့ ဒီလှိုင် Campus ကြီးကို ကျွန်တော်တို့ ဒေသကောလိပ်အဖြစ် ပြောင်းလိုက်ပါတယ်။ ဒေသကောလိပ်အဖြစ် ပြောင်းပြီးတော့ ဒေသကောလိပ်တွေ ရပ်ဆိုင်းသွားတဲ့အခါကျတော့ ရန်ကုန်တက္ကသိုလ်ကို ပြန်ပေးပြီးတော့ ရန်ကုန် တက္ကသိုလ် (လှိုင်နယ်ြမေ)ဆိုပြီးတော့ ကျွန်တော်တို့ ပထမနှစ်၊ ဒုတိယနှစ်သင်တန်းတွေ ပြန်ဖွင့်ပါတယ်။ အဲဒီအချိန်မှာ ဒီလှိုင်နယ်ြမေထဲမှာရှိတဲ့ ကျောင်းဆောင်တွေ၊ အဆောက်အဦတွေ တချို့ဟာ ကျွန်တော် တို့ စက်မှုတက္ကသိုလ်က ကျောင်းဆောင်များအဖြစ်၊ စီးပွားရေးတက္ကသိုလ်က ကျောင်းဆောင်များအဖြစ်၊ ကွန်ပျူတာတက္ကသိုလ်စထောင်တုန်းကလည်း အဲဒီမှာ ကွန်ပျူတာတက္ကသိုလ်အဖြစ် နေရာတွေခွဲပြီး တော့ ကျွန်တော်တို့ ပေးခဲ့ပါတယ်။ တစ်နည်းအားဖြင့် လှိုင် Campus ဟာ Fragment အပိုင်းအစ လေးတွေ ဖြစ်သွားပါတယ်။ အဲဒီနောက် ကျွန်တော်တို့ ပထမနှစ်၊ ဒုတိယနှစ်သင်တန်းတွေ ရန်ကုန် တက္ကသိုလ်က ရပ်ဆိုင်းလိုက်တဲ့အခါကျတော့ လှိုင်နယ်ြမေက သင်တန်းတွေ ကျွန်တော်တို့ ရပ်လိုက်ရ ပြီးတော့ အဲဒီသင်တန်းမှာရှိတဲ့ ကျောင်းသားတွေအားလုံးကို ရန်ကုန်မှာဖွင့်ထားတဲ့ ဒဂုံတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ပြောင်းရွှေ့ပေးလိုက်တယ်။ အဲဒီနောက်ပိုင်းမှာ ဒီလှိုင်နယ်ြမေကြီးဟာ ကျွန်တော်တို့ စာသင်ခန်းတွေရော၊ Lab တွေရော၊ Theatre တွေရောဟာ အသုံးမပြုနိုင်တော့ဘဲနဲ့ ဒီအတိုင်းရှိပါတယ်။ ကျောင်းဆောင်တွေလည်း ဒီအတိုင်းပါပဲ။ ဟိုတုန်းကတော့ ကျွန်တော်တို့ ပညာရေးဝန်ကြီးအောက်မှာ စက်မှုတက္ကသိုလ်လည်း ရှိတယ်။ စီးပွားရေးတက္ကသိုလ်လည်း ရှိတဲ့အတွက်ကြောင့် အဲဒီက ကျောင်းသားတွေက အကုန်လုံး လှိုင်နယ်မြေ ထဲမှာ ကျောင်းဆောင်တွေမှာ ကျောင်းဆောင်တွေ အများကြီး ရှိပါတယ်။ သူတို့ ကျောင်းဆောင်နေခွင့် ရခဲ့ပါတယ်။ တစ်နည်းအားဖြင့် Campus Life အဲဒီမှာ ရရှိပါတယ်။ ဒီနေ့အခါမှာတော့ အဲဒီလှိုင် Campus ဟာ Campus Life ပျောက်သွားပြီးတော့ အဆောင်တွေဟာလည်း စာသင်ခန်းတွေ မပျက်စီးဖို့ ကျွန်တော်တို့ ပညာရေးတက္ကသိုလ်အောက်မှာ ရှိတဲ့ ပညာရေးလေ့ကျင့်ရေးကျောင်းပေါ့။ အဲဒီကျောင်းရဲ့ စာသင်ကျောင်းလေးတွေအဖြစ် တချို့ပေးထားပါတယ်။ ဒီနေ့ လှိုင် Campus မှာ ရပ်တည်နေတဲ့အခြေအနေဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေ ကြုံတွေ့နေရတဲ့ အဖြစ်အပျက်လေးကို ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အသိပေးတင်ပြလိုပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေဟာ နေရာကောင်း ပါတယ်။ Campus လုပ်နိုင်တဲ့ နိုင်ငံတကာနဲ့ယှဉ်ပြီးတော့ လုပ်နိုင်တဲ့တက္ကသိုလ်တွေဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီနေ့ ဘာတွေအားနည်းနေလဲဆိုတော့ Campus ရှိပါလျက်နဲ့ Campus Life အသက်ဝင်လှုပ်ရှားနိုင်ဖို့ ပြုစုပျိုးထောင်ပေးတဲ့နေရာမှာ အားနည်းပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့ တက္ကသိုလ်တက်တဲ့ကျောင်းသားတွေဟာ Campus Life သဘာဝကိုတောင်မသိဘဲနဲ့ ဘယ်လို Campus Life သဘာဝကို ခံစားရမယ်ဆိုတာလည်း မသိဘူး ဖြစ်နေတယ်။ ဒီနေ့ ကျွန်တော်တို့ ပြုပြင်ပြောင်းလဲမှုတွေ ပညာရေးအဆင့် မြှင့်တင်မှုတွေ လုပ်တဲ့နေရာမှာ အဓိက အကျဆုံးကတော့ Campus Life ကို ပြန်လည်ပြီးတော့ အသက်သွင်းပေးဖို့ ဖြစ်ပါတယ်။ ဒါဟာ ဒီနေ့ ကျွန်တော်တို့ ပညာရေးပြုပြင်ပြောင်းလဲမှုလုပ်တဲ့နေရာမှာ မဖြစ်မနေဆောင်ရွက်ရမယ့် လုပ်ငန်းပဲ ဖြစ်ပါတယ်။ တက္ကသိုလ်တွေရဲ့ Campus Life ကို ကျွန်တော်တို့ ပြန်လည်ပြီးတော့ အသက်သွင်းပေးဖို့ ဖြစ်ပါတယ်။ အခု ကျွန်တော်ဒီတက္ကသိုလ်များ (လှိုင်နယ်မြေ)ကို ကျွန်တော်တင်စားပြီးတော့ မေးခွန်းမေး ရခြင်းရဲ့ ရည်ရွယ်ချက်ဟာ တက္ကသိုလ်များအားလုံးအတွက်လည်း ကျွန်တော်ရည်ရွယ်ပြီးတော့ မေးခြင်းဖြစ်ပါ တယ်။ ဒီလှိုင် Campus Life ဟာ နိုင်ငံတကာမှာ ထင်ရှားပြီးတော့ သာယာလှပတဲ့ နေရာတစ်ခု ဖြစ်ပါလျက်နဲ့ ဒီနယ်မြေကောင်းကို ကျွန်တော်တို့ Campus Life အဖြစ် အသုံးမပြုဘဲထားနေခြင်း ဟာ ပညာရေးအဆင့်မြှင့်တင်ဆောင်ရွက်မှုမှာ ဆုံးရှုံးမှုတစ်ရပ် ဖြစ်တယ်လို့ဆိုရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့ ကျွန်တော်မေးမယ့် မေးခွန်းဟာ ဒီနေ့ နိုင်ငံတကာကကော ကျွန်တော်တို့ တစ်ပြည်လုံးကကော မျှော်လင့်နေတဲ့ အဆင့်မြင့်ပညာတက္ကသိုလ်များ ပညာပြုပြင်ပြောင်းလဲရေး အဆင့်မြှင့်တင်လုပ်တဲ့နေရာမှာ Campus Life ပြန်လည်ထွန်းကားစေရေးအတွက် ရန်ကုန်မြို့မှာရှိတဲ့ တက္ကသိုလ်များ (လှိုင်နယ်ြမေ)ကို ဘယ်လိုအကျိုးရှိစွာဖြင့် အသုံးပြုဆောင်ရွက်မယ်ဆိုတာ စီစဉ် ဆောင်ရွက်ထားမှု ရှိ၊ မရှိ။ ရှိပါကလည်း မည်ကဲ့သို့ ဆောင်ရွက်ထားပြီး ကျွန်တော်တို့ သိရှိရေးအတွက် မေးမြန်းပါသည်။