(င)-မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ ဖွဲ့စည်းရာတွင် တိုင်းရင်းဆေးပညာဘွဲ့ရပြီးသော ခေတ်ပညာတတ် ပုဂ္ဂိုလ်များနှင့် ခန့်အပ်တာဝန်ပေးနိုင်ရန်နှင့်စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံမှာ တိုင်းရင်းဆေးကောင်စီကို ယခင်က တိုင်းရင်းဆေးဆရာအဖွဲ့ဆိုပြီး ၁၉၅၂ ခုနှစ်မှ ၁၉၉၈-၉၉နှစ်အထိ တိုင်းရင်းဆေးဆရာကြီးများ ဦးစီးဆောင်ရွက်ပြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လုပ်ကိုင်ခဲ့လို့ အောင်မြင်ကျော်ကြားခဲ့တယ်လို့ ကျွန်တော်တို့လေ့လာသိရှိရပါတယ်။ သို့သော်လည်းပဲ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာတော့ တိုင်းရင်းဆေးဥပဒေကို ပြန်လည်ပြုပြင်လိုက်တဲ့ အတွက် တိုင်းရင်းဆေးကောင်စီကို ၁၁ ယောက်ဖွဲ့စည်းတဲ့နေရာမှာ တိုင်းရင်းဆေးကောင်စီဥက္ကဋ္ဌကို အနောက်တိုင်းဆရာဝန်များက ဦးစီးဦးဆောင် ဆောင်ရွက်တယ်လို့လည်း သိရှိရပါတယ်။ အတွင်းရေးမှူး၊ အဖွဲ့ဝင်များ ဆောင်ရွက်တဲ့နေရာမှာလည်းပဲ ဥက္ကဋ္ဌ၏ ဆန္ဒသဘောဖြင့် ဆောင်ရွက် တယ်လို့လည်းပဲ ကျွန်တော်တို့လေ့လာ သိရှိရပါတယ်။ ဒါကြောင့်မို့လို့ တစ်ချိန်က ကျွန်တော်တို့ တိုင်းရင်းဆေးဆရာများ စစ်စစ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တဲ့အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံ တိုင်းရင်းဆေးလောကဟာ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံများကဲ့သို့ ကျော်ကြားခဲ့တယ်ဆိုတာရယ်၊ ရှေးမြန်မာမင်းလက်ထက်မှ ယနေ့တိုင် အောင်မြင်မှုများ ရရှိနေတယ်ဆိုတာ အများသိရှိပြီးဖြစ်ပါတယ်။ ယခုအခါမှာ ကျွန်တော်တို့ အနောက်တိုင်းဆေးပညာများကို ကျွန်တော်တို့ တိုင်းရင်းဆေးဆရာများက လည်း မလွှမ်းမိုးနိုင်ပါဘူး။ တိုင်းရင်းဆရာများကိုလည်းပဲ အနောက်တိုင်း ဆရာဝန်များက လွှမ်းမိုး နိုင်ခြင်းမရှိပါဘူး။ ဆိုလိုရင်းကတော့ မိမိတတ်ကျွမ်းနားလည်သည့် ပညာမိမိကျွမ်းကျင်ရာ လိမ္မာရာ ဆိုသလိုပဲ ကျွန်တော်တို့ မိမိဘာသာရပ်အလိုက်သာ တိုင်းရင်းဆေးဆရာများ ဖွဲ့စည်းရာမှာ အောင်မြင် မယ်လို့ ကျွန်တော်ယူဆပါတယ်။ ထို့အတွက်ကြောင့်လည်း မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ ဖွဲ့စည်း တဲ့အခါမှာ တိုင်းရင်းဆေးဘွဲ့ရများ၊ သိပ္ပံကျောင်းဆင်းများ၊ တိုင်းရင်းဆေးသိပ္ပံကျောင်းဆင်းဘွဲ့ရများ ကို တိုင်းရင်းဆေးကောင်စီဖွဲ့စည်းရာမှာ အဖွဲ့ဝင်များ၊ ဥက္ကဋ္ဌများအဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရန် အစီအစဉ်ရှိ၊ မရှိဆိုတဲ့ မေးခွန်း မေးမြန်းရခြင်းဖြစ်ပါတယ်။ အကယ်၍ တိုင်းရင်းဆေးပညာဘွဲ့ရများ၊ သိပ္ပံတိုင်းရင်းဆေးပညာဘွဲ့ရများ မခန့်အပ်နိုင်ပါက အဘယ့်ကြောင့်နည်း သိလိုကြောင်း မေးမြန်းပါသည်။