(ဂ)-ရှမ်းပြည်နယ်မြောက်ပိုင်းအတွက် ထပ်မံ၍ဝန်ကြီးချုပ်တစ်ဦးနှင့် ဝန်ကြီးများတိုးချဲ့ခန့်ထားပေးရန် အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်ရာ တောင်ကြီးမြို့ကနေပြီးတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တော်ဖြစ်တဲ့ လားရှိုးမြို့သို့ကူးလူးဆက်သွယ်ရာမှာ အခြေအနေအရပ်ရပ် ကြောင့် မန္တလေးတိုင်းဒေသကြီးကို ဖြတ်ကျော်ပြီးမှသာလျှင် အဆင်ပြေချောမွေ့တာကိုတွေ့ရှိရပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ခရိုင်ပေါင်း ၆ ခရိုင်၊ မြို့နယ် ပေါင်း ၂၃ မြို့နယ်၊ မြို့နယ်ခွဲပေါင်း ၁၁ မြို့ ရှိပြီးတော့ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် တောင်ပိုင်းနှစ်ခုပေါင်းမှာ ခရိုင်ပေါင်း ၇ ခရိုင်၊ မြို့နယ် ပေါင်း ၃၂ မြို့နယ်၊ မြို့နယ်ခွဲပေါင်း ၁၈ မြို့နယ်ရှိပါတယ်။ ရှမ်းပြည်နယ်မှာ နယ်မြေ အေးချမ်းသာယာရေး အတွက် စုစုပေါင်းစစ်တိုင်းကြီး ၄ တိုင်းနှင့် စစ်တိုင်းမှူး ၄ ဦးရှိပါတယ်။ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ မူးယစ်ဆေးဝါးအများဆုံးစိုက်ပျိုးထုတ်လုပ်တဲ့ နေရာဒေသဖြစ်ခြင်း၊ ငြိမ်ချမ်းရေးယူ ထားသော လက်နက်ကိုင်အဖွဲ့အစည်းအများဆုံးရှိသည့် ပြည်နယ်ဖြစ်ခြင်း၊ နယ်စပ်ကုန်သွယ်ရေးစခန်း ၉ ခုရှိသည့်အနက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းဟာ အဓိကနေရာဖြစ်ခြင်းတို့ကြောင့် နိုင်ငံတော်သမ္မတကြီးရဲ့ကဏ္ဍအသီးသီးကို လျင်မြန်စွာတိုးတက် ပြောင်းလဲစေသော စိတ်ရင်းစေတနာနဲ့ နိုင်ငံတော်သမ္မတကြီးရဲ့ Reform Strategy ကို ထောက်ခံ အားပေးကူညီသောအားဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ထပ်မံ၍ ဝန်ကြီးချုပ်တစ်ဦးနှင့် ဝန်ကြီးများ တိုးချဲ့ခန့်ထားပေးရန် အစီအစဉ်ရှိ၊ မရှိသိလိုပါကြောင်း မေးမြန်းပါသည်။