(ခ)-ထန်းတပင်-လမုတန်းတစ်ဖက်ကမ်းကို ကုက္ကိုဝမြစ်ကူးတံတား သို့မဟုတ် ကြိုးတံတားဆောက်လုပ် ပေးရန်အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်သည် ပန်းလှိုင်မြစ်၊ လှိုင်မြစ်၊ ကုက္ကိုဝမြစ်၊ ဘောလယ်မြစ်တို့ဝန်းရံလျက်ရှိပါတယ်။ ဧရိယာအကျယ်အဝန်းမှာ ၃၂၇ စတုရန်းမိုင်ကျယ်ဝန်း၍ မြစ်ချောင်းအင်းအိုင်များဖြင့် သွားရေးလာရေးခက်ခဲလျက်ရှိပါတယ်။ ထန်းတပင်မြို့နယ်သည် ရုံးစိုက်ရာမြို့လည်းဖြစ်ပါတယ်။ မြစ် ၄ မြစ်ဝန်းရံလျက်ရှိခြင်းကြောင့် ဘောလယ်ကျွန်းမှ ကျေးရွာပေါင်း ၃၃ အုပ်စုတို့သည် ထန်းတပင်မြို့သို့သွားလာရာ၌ မှော်ဘီ၊ ရွှေပြည်သာ၊ အင်းစိန်၊ လှိုင်သာယာ ၄ မြို့နယ်တို့သို့ကွေ့ပတ်ကျော်ဖြတ်သွားလာရခြင်းကြောင့် အချိန်၊ ငွေ၊ လူပင်ပန်းများစွာဖြင့်အသုံးပြုဆောင်ရွက်နေရပါတယ်။ ထို့အတွက်ကြောင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးများနောက်ကျလျက်ရှိနေပါတယ်။ သို့ဖြစ်ပါ၍ နာရီပိုင်းအတွင်း သွားရေး၊ လာရေးများ အဆင်ပြေစေနိုင်သော ထန်းတပင်မြို့တစ်ဖက်ကမ်းမှ လမုတန်းကျေးရွာတစ်ဖက်ကမ်းတွင် ရှိသော ကုက္ကိုဝမြစ်ကူးတံတား သို့မဟုတ် ကြိုးတံတားဆောက်လုပ်ပေးရန် မြို့နေပြည်သူလူထုဆန္ဒအရ အောက်ပါကြယ်ပွင့်ပြမေးခွန်းကို မေးမြန်းရခြင်းဖြစ်ပါတယ်။ မေးခွန်း (၁) ကုက္ကိုဝမြစ်ကူးတံတား သို့မဟုတ် ကြိုးတံတားဆောက်လုပ်ပေးနိုင်ရန် အစီအစဉ်ရှိ၊ မရှိသိရှိလိုပါတယ်။ မေးခွန်း(၂) ဆောင်ရွက်မည်ဆိုပါက မည်သည့်အချိန်တွင်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း မေးမြန်းပါသည်။