(က)-ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဦးပိုင်အမှတ် (၄)၊ (၆)၊ (၇)၊ (၃၇)၊ (၆၄)၊ (၇၂)၊ (၇၄) စသည့် မြေကွက် ပေါ်၌ နေထိုင်သော မိသားစုအိမ်ထောင်စု ၇၀ ဝန်းကျင်၏ မူလနေထိုင်အိမ်တွင် နေထိုင်ခွင့်ရရှိရေး ကူညီဖြေရှင်းပေးရန် အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
မေးခွန်းကတော့ ကရင်ပြည်နယ်၊ ဘားအံမြို့အမှတ်(၂) ရပ်ကွက် ဦးပိုင်အမှတ် (၄)၊ (၆)၊ (၇)၊ (၃၇)၊ (၆၄)၊ (၇၂)၊ (၇၄) စသည့် မြေကွက် ပေါ်၌ နေထိုင်သော မိသားစု အိမ်ထောင်စုဝင် ၇၀ ဝန်းကျင်၏ မူလနေထိုင်ရာအိမ်တွင် နေထိုင်ခွင့် ရရှိရေး ကူညီဖြေရှင်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းပဲ ဖြစ်ပါတယ်ရှင့်။ အကျိုးအကြောင်း ဖော်ပြချက်အနေနဲ့ ဘားအံမြို့အမှတ်(၂) ရပ်ကွက် ကွင်းအမှတ်(၄) ဈေးတန်းကွက်၊ ကွင်းအမှတ်(၅) ဈေးဟောင်းကွက် ဖော်ပြပါ ဦးပိုင်အမှတ် ၇ ခုမှ မိသားစု အိမ်ထောင်စုဝင် ၇၀ ဝန်းကျင်ဟာ မြေပိုင်ရှင် ဒေါ်နှင်းလှ အသက်ရှိစဉ်က လွန်ခဲ့သည့် ၁၉၅၈ မတိုင်မီက အိမ်ငှားအဖြစ် တစ်အိမ်ထောင်လျှင် ကျပ် ၃၀ နှုန်းဖြင့်ပေး၍ နေထိုင်ခဲ့ကြကြောင်း၊ ၁၉၅၈ ခုနှစ် ဈေးတန်းမီးလောင်သောအခါ ဒေါ်နှင်းလှမှ အိမ်ငှားများအား ကိုယ်တိုင်ကျခံ၍ ပြန်လည်အိမ်ဆောက်ကြရန် မြေငှားခအဖြစ် တစ်လ ၁၀ ကျပ်နှုန်း ဖြင့် မြေငှားခပေးကာ နေထိုင်ကြရကြောင်း၊ ၁၉၈၁ ခုနှစ် နောက်ပိုင်းတွင် ဒေါ်နှင်းလှ ကိုယ်တိုင်ထံမှ လည်းကောင်း၊ ဒေါ်နှင်းလှမှ အထွေထွေကိုယ်စားလှယ် လွှဲစာရရှိထားသူ ဒေါ်မြင့်မြင့်ကြည် ယခု အသက်ရှိထင်ရှားရှိသူထံမှလည်းကောင်း ဝယ်ယူခဲ့ကြကြောင်း သိရှိရပါတယ်ရှင့်။ ဒါ့အပြင် မြေစာရင်း ရုံးမှ မှတ်ပုံတင်အရောင်းအဝယ် စာချုပ်စာတမ်းများဖြင့်လည်းကောင်း၊ မှတ်ပုံမတင်ရသေးသည့် အရပ်ကတိစာချုပ်များဖြင့်လည်းကောင်း မိမိတို့ အမည်ပေါက် နေထိုင်လာခဲ့ကြသည်မှာ ယနေ့ ထက်တိုင်ဖြစ်ကြောင်း သိရှိရပါတယ်ရှင့်။ သို့သော်လည်းပဲ လွန်ခဲ့သည့် စက်တင်ဘာလမှာ ယခု အိမ်ထောင်စုဝင် ၇၀ ဝန်းကျင်၏ နေထိုင်သည့် မြေကွက်များကို ဒေါ်နှင်းလှ၏ ကျန်ရစ်အမွေအဖြစ် သတ်မှတ်ကာ ရောင်းရန်ကြော်ငြာခြင်းကို ရပ်ဆိုင်းပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုပါကြောင်းနှင့် ၎င်းမိသားစုအိမ်ထောင်စုဝင် ၇၀ ၏ မူလ နေထိုင်သည့်နေအိမ်တွင် နဂိုမူလအတိုင်း ရာသက်ပန် နေထိုင်ခွင့်ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းပါသည်။