(ဂ)-၂၀၁၂ ခုနှစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေပုဒ်မ ၂ အပိုဒ်ခွဲ(က)ပါ ပတ်ဝန်းကျင်ဆိုင်ရာ အရေးပေါ် အခြေအနေနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-25

ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပုဒ်မ ၂ ပုဒ်မခွဲ(က) ပတ်ဝန်းကျင်ဆိုင်ရာ အရေးပေါ်အခြေအနေနဲ့စပ်လျဉ်းပြီးတော့ မေးမြန်းသွားမှာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေများတွင် အဓိပ္ပာယ်နှင့်တကွ ပြဋ္ဌာန်းဖော်ပြထားသည့် ပတ်ဝန်းကျင်ဆိုင်ရာ အရေးပေါ်အခြေအနေဟူသည့် သတ်မှတ်ချက်စကားရပ်အရ ပတ်ဝန်းကျင်ဆိုင်ရာ အရေးပေါ် အခြေအနေဆိုသည်မှာ သဘာဝအလျောက်ဖြစ်စေ၊ လူတို့၏ ပြုလုပ်မှုကြောင့်ဖြစ်စေ၊ ပေါ်ပေါက် လာသည့် ဘေးအန္တရာယ် သို့မဟုတ် ညစ်ညမ်းမှုကို ချက်ချင်းအရေးယူ ဆောင်ရွက်ခြင်းမပြုပါက အများပြည်သူများအား အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကို သော်လည်းကောင်း၊ ပတ်ဝန်းကျင် ဂေဟစနစ်ကိုသော်လည်းကောင်း ထိပါးစေနိုင်သည့်အခြေအနေကိုဆိုသည်ဟု ရေးသားဖွင့်ဆိုထားပါ တယ်။ တစ်ဖန် ယင်းပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေပုဒ်မ ၉ (က) တွင် ပတ်ဝန်းကျင်ဆိုင်ရာ အရေးပေါ်အခြေအနေကို မည်သို့ကျင့်သုံးရမည်ကိုဖော်ပြထားပါတယ်။ ယင်းပုဒ်မ ၉(က)၌ ပုဒ်မ ၂ ပုဒ်မခွဲ (ထ) အရဖွဲ့စည်းမည့် ပတ်ဝန်းကျင်ထိမ်းသိမ်းရေးကော်မတီသည် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် သော်လည်းကောင်း၊ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်တစ်ခုတွင်သော်လည်းကောင်း၊ နယ်မြေတစ်ခု တွင်သော်လည်းကောင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ အရေးပေါ်အခြေအနေတစ်ရပ်ပေါ်ပေါက်ကြောင်း သို့မဟုတ် ထိုသို့ပေါ်ပေါက်နိုင်ကြောင်းသိရှိရင် ယင်းအခြေအနေတစ်ရပ်ကို ပေါ်ပေါက်ကြောင်း ထုတ်ဖော်ကြေညာနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ချက်ချင်းတင်ပြရမည်ဟူ၍လည်း ပါရှိပါတယ်။ သို့ဖြစ်ရာ အဆိုပါပတ်ဝန်းကျင်ညစ်ညမ်းမှုကို အဓိကထားကာကွယ်သည့်အနေနှင့် သတ္ထုတွင်းဝန်ကြီး ဌာန ဧရာဝတီအစရှိသည့် မြန်မာ့မြစ်ကြီးလေးသွယ်တွင် သတ္ထုရှာဖွေတူးဖော်ခြင်းလုပ်ငန်းများ ပိတ်ပင်ခြင်းကို အထူးပင်ကြိုဆိုပါသည်။ သို့ရာတွင် ထိုမြစ်ကြီးများမှ အပဖြစ်သော ဒေသဆိုင်ရာ ပတ်ဝန်းကျင်ညစ်ညမ်းမှုများသည် အများအားဖြင့် ဓာတ်သတ္ထုတူးဖော်ရာ လုပ်ငန်းဝန်းကျင်တို့တွင် ရှိနေဆဲဖြစ်ပါသည်။ လူနှင့် ပတ်ဝန်းကျင်ကို ထိခိုက်စေသည့် ဖြစ်ရပ်တို့ကို ဥပမာပြရပါက အောက်ပါ တို့ဖြစ်ကြပါတယ်။ ယင်းတို့မှာ (က) နိုင်ငံခြားကုမ္ပဏီများမှ ကြေးနီနှင့် သတ္ထုများတူးဖော်ရာတွင် တောင်များကို ချိုင့်ဝှမ်းအဖြစ်တူးဖော်၍ အက်စစ်ငရဲမီးအရည်ဖြင့် ဖော်ယူထုတ်လုပ်သောနည်းကို အသုံးပြုနေခြင်း၊ ဥပမာ မုံရွာကြေးစဉ်တောင်၊ လက်ပံတောင်းတောင်စသည့် ဤသို့ဖြင့်မြေအောက် ရေချိုနှင့် သဘာဝချောင်း မြောင်း၊ ချောင်းရေ၊ မြောင်းရေတို့တွင် အန္တရာယ်ရှိသော ဓာတ်သတ္ထု ပစ္စည်းများ ပျော်ဝင်မှုဖြစ်စေခြင်း၊ ဒေသခံပြည်သူများ ရွာအလိုက်ပြောင်း‌ရွှေ့ခံရပြီး မိရိုးဖလာ စိုက်ပျိုးရေးအဖြစ် အသက်မွေးဝမ်းကျောင်းရခြင်းကို ဆုံးရှုံးရခြင်း၊ ဤအချက်သည် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ အခန်း (၉) အပိုဒ် ၁၈ သဘာဝသယံဇာတ အရင်းအမြစ်များနှင့် ယာဉ်ကျေးမှု အမွေအနှစ်များ၊ ထိန်းသိမ်းရေးအပိုဒ် ၈ အပိုဒ်ခွဲ(က) ပါ မြေအောက်ရေအပါအဝင် ရေချိုသယံဇာတ အရင်းအမြစ်များ ထိန်းသိမ်းကာကွယ်ရေး ဥပဒေပါပြဋ္ဌာန်းချက်များနှင့် ကင်းလွတ်နေကြောင်း လေ့လာသိရှိရပါသည်။ (ခ) ဖားကန့်မြို့နယ် တွင် ကျောက်စိမ်းထုတ်လုပ်မှုကြောင့် ယင်းဒေသရှိ ဥရုမြစ်၏ ရေစီးရေလာပိတ်ဆို့ပြီးနောက် အချို့နေရာတို့တွင် ရေကန်များရှိနေပြီး အချို့နေရာတို့တွင် စုပုံကျရောက်နေသော မြေစာခဲတို့ကြောင့် မြေစာခဲပိတ်ဆို့မှုများအောက်မှ ရေများထွက်ပေါက်ရှာ၍ စီးဆင်းနေရခြင်းတို့ကို တွေ့ရပါသည်။ ဤသည်မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ အခန်း (၇) အပိုဒ် ၁၃ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အပိုဒ်ခွဲ(က)ပါ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် လုပ်ငန်းများမှာ စုပေါင်းအစီအမံဖြင့် ငွေကြေး သို့မဟုတ် ပစ္စည်းထည့်ဝင် ဆောင်ရွက်ရန် တာဝန်ရှိသည်ဆိုသော ပြဋ္ဌာန်းချက်များဖြင့် ညီညွတ်ခြင်းမရှိကြောင်း တွေ့ရှိရပါသည်။ (ဂ) ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ အခန်း (၉) အပိုဒ် ၁၈ အပိုဒ်ခွဲ (ဆ)မှာ အဏ္ဏဝါဆိုင်ရာ သယံဇာတ အရင်းအမြစ်ထိန်းသိမ်းရေးတွင် အကျုံးဝင်နေသည့် သန္တာကျောက်တန်းများကို စောင်‌့ရှောက်ထိန်းသိမ်းခြင်းမရှိပါက နှစ် ၂၀ အတွင်း ဆုံးပါးပျောက်ကွယ်မည်ဟု ပညာရှင်များက ထုတ်ဖော်တင်ပြထားပြီးဖြစ်ပါသည်။ မြန်မာနိုင်ငံအတွက် သဘာဝအတားအဆီးအဖြစ် ဆူနာမီ ရေလှိုင်းတို့ကိုကျားကန်ပေးနိုင်မည့် ဤသန္တာကျောက်တန်း ထိန်းသိမ်းရေးမှာ မျိုးဆက်တာဝန်၊ အမျိုးသားရေးတာဝန်ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊  ရေသယံဇာတ အရင်းအမြစ်များ ထိန်းသိမ်းနိုင်ရေးနဲ့ ပင်လယ်သယံဇာတများကို ထိန်းသိမ်းနိုင်ရေးတို့ အတွက် အောက်ပါကြယ်ပွင့်ပြပေးခွန်းတို့ကို မေးမြန်းရခြင်းဖြစ်ပါတယ်။ အထက်တင်ပြပါ အပိုဒ် (က)၊ (ခ)၊ (ဂ) အချက်တို့အပေါ် သက်ဆိုင်ဝန်ကြီးဌာနမှ မည်သို့ဆောင်ရွက်သွားမည်ကို သိလိုကြောင်း မေးမြန်းပါသည်။