(စ)-မန္တလေးဆေးတက္ကသိုလ် ပညာသင်ယူခွင့် ရပ်စဲခြင်းခံရသော ကျောင်းသား/ ကျောင်းသူများအား ချမှတ် ထားသော စည်းမျဉ်း၊ စည်းကမ်းများအား ဖြေလျော့၍ ဆေးတက္ကသိုလ် (မန္တလေး)သို့ ဆေးပညာပြန်လည် သင်ယူခွင့်ပြုရန် နှင့်စပ်လျဉ်းသည့် မေးခွန်း
မန္တလေးဆေးတက္ကသိုလ်မှာ ဆေးပညာဘာသာရပ်သင်ကြားနေကြသော ကျောင်းသား ကျောင်းသူများဟာ တစ်နှစ်မှာ ကျောင်းသားဦးရေ ၁၀၀ ကျော် အကြောင်းအမျိုးမျိုး ကြောင့် ပညာသင်ယူခွင့်ရပ်စဲခြင်းခံခဲ့ရပါတယ်။ လေးနှစ်အတွင်း ပညာသင်ယူခွင့် ရပ်စဲခြင်းခံရတဲ့ ဆေးတက္ကသိုလ်ကျောင်းသားကျောင်းသူဦးရေ ၄၀၀ ကျော်ရှိပါတယ်။ တခြားဆေးတက္ကသိုလ် ၃ ကျောင်းက ပညာသင်ယူခွင့်ရပ်စဲခံခဲ့ရတဲ့ ကျောင်းသားကျောင်းသူဦးရေမှာ တစ်နှစ်ကို ၁၅ ယောက် ပင်မပြည့်ပါဘူး။ အခြားဆေးကျောင်းနှင့် မန္တလေးဆေးတက္ကသိုလ် ကျောင်းတို့နှိုင်းယှဉ်လျှင် မန္တလေး ဆေးတက္ကသိုလ်မှ ပညာသင်ယူခွင့်ရပ်စဲခြင်းခံခဲ့ရတဲ့ ဆေးကျောင်းသား ကျောင်းသူဦးရေဟာ အဆမတန်များပြားလာပါတယ်။ ဆေးတက္ကသိုလ် ကျောင်းသား ကျောင်းသူတို့ဟာ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများမှာ နှစ်ရှည်လများ ကြိုးစားလာခဲ့ပြီး အတန်းတိုင်း မှာ အရည်အချင်းပြည့်မီသူများအဖြစ် ဘဝကိုဖြတ်သန်းခဲ့ရသူများလည်းဖြစ်ကြတာနှင့်အညီ ဆေးတက္ကသိုလ်သင်ကြားခွင့် ဝင်ခွင့်အမှတ်ပြည့်မီမှသာ ဆေးတက္ကသိုလ်တက်ရောက် သင်ကြားခွင့် ရကြသူများလည်း ဖြစ်ကြပါတယ်။ ဆေးကျောင်းတက်စဉ် ဆေးတက္ကသိုလ် စည်းမျဉ်းစည်းကမ်းအရ ပညာသင်ယူခွင့်ရပ်စဲခြင်းခံခဲ့ရသော်လည်း ဒီဆေးကျောင်းသား ကျောင်းသူတို့ရဲ့ အကျင့်စာရိတ္ထအရာ မှာ အဘက်ဘက်ကနေပြီးတော့ မှတ်ကျောက်အတင်ခံနိုင်ကြသူများလည်း ဖြစ်ကြပါတယ်။ ယခင် ပါမောက္ခချုပ်ဒေါက်တာ တစ်ဦးရဲ့ လက်ထက်မှာ (3-F) သုံးခါကျပြီးသော်လည်းပဲ ပညာသင်ယူခွင့် ရပ်စဲထားသော ကျောင်းသားများကို ပြန်လည်သင်ခွင့်ပေးတဲ့အတွက် ထိုကျောင်းသားများဟာ ဆရာဝန်ဖြစ်လာရုံတင်သာမကပဲ မြန်မာနိုင်ငံရဲ့ကျန်းမာရေးဆေးလောကမှာ အဆင့်မြင့် တာဝန်များကို ထမ်းဆောင်နေကြသော အထူးကုဆရာဝန်ကြီးများ၊ လူတိုင်းလေးစားရသော နိုင်ငံကျော် ဆရာဝန်ကြီး များဖြစ်လာတာ သာဓကများလည်း ရှိပါတယ်။ ဒါ့အပြင် ၂၀၀၉-၂၀၁၀ ခုနှစ်များမှာ သုံးခါကျပြီး ထွက်ပြီးမှ သနားညှာတာမှုဖြင့် ကျောင်းပြန်တက်ခွင့်ရခဲ့ကြလို့ ဆရာဝန်ဖြစ်ကြတဲ့ သာဓကတွေလည်း ရှိခဲ့ကြပါတယ်။ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၁၃ (ခ) အရ အမည်နာမများကိုတော့ ကျွန်တော့်အနေနဲ့ ဖော်ပြခြင်းမပြုတော့ပါဘူး။
နိုင်ငံတော်အတွက် အရေးပါလှသော လူ့စွမ်းအားအရင်းအမြစ်များ ရရှိစေ ရန် နိုင်ငံတကာ၌ အကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိနေသော မြန်မာပညာရှင်များကို ပြန်လည် ဖိတ်ခေါ်နေချိန်တွင် မိမိတို့တိုင်းပြည်အတွင်းရှိ လူသားအရင်းအမြစ် အစစ်အမှန်ဖြစ်သော ဆေးတက္ကသိုလ်ကျောင်းသား ကျောင်းသူများကို ပညာသင်ယူခွင့်ရပ်စဲလိုက်ခြင်းဟာ ကျောင်းသားမိဘ များအပါအဝင် ကျောင်းသားများနှင့်အတူ နိုင်ငံတော်အတွက်လည်း အလွန်ပင်နစ်နာလှပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၈မှာ နိုင်ငံတော်သည် ပညာရည်ထူးချွန်သော နိုင်ငံသားများအား လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ အမျိုးသားအမျိုးသမီး ခွဲခြားမှုမထားရှိဘဲ ယင်းတို့၏ အရည်အချင်း အလိုက် ချီးမြှောက်ထောက်ပံ့မည်ဟုလည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၆ တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်က ချမှတ်ထားသော ပညာရေးဆိုင်ရာမူဝါဒများနှင့်အညီ ပုဒ်မခွဲ (က) မှာ ပညာသင်ကြားပိုင်ခွင့်ရှိသည်ဟုလည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၇ တွင် နိုင်ငံတော် သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရရှိစေရမည်။ ထို့အပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာရယူပိုင်ခွင့်ပေးရမည်ဟုလည်းကောင်း အတိအလင်းဖော်ပြ ထားပါတယ်။ သို့ဖြစ်ပါ၍ မန္တလေးဆေးတက္ကသိုလ်တွင် ဆေးတက္ကသိုလ်ပညာသင်ယူရင်း အကြောင်း အမျိုးမျိုးကြောင့် ပညာသင်ယူခွင့်ရပ်စဲခြင်းခံခဲ့ရသော လွန်ခဲ့သော လေးနှစ်ခန့်က ဆေးတက္ကသိုလ် ကျောင်းသားကျောင်းသူများအား စာနာထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ လူသားအရင်းအမြစ်ကို ပြန်လည်ဖော်ထုတ်စေလိုသော ဆန္ဒအရလည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၆၆ ပုဒ်မခွဲ (က) နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၇ တို့အရလည်းကောင်း၊ ခံစားခွင့် များရရှိခံစားနိုင်ရေး အလို့ငှာလည်းကောင်း မန္တလေးဆေးတက္ကသိုလ်ပညာသင်ခွင့် ရပ်စဲခြင်းခံခဲ့ရ သော ကျောင်းသား ကျောင်းသူများအား ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအား ဖြေလျှော့၍ ဆေးတက္ကသိုလ် (မန္တလေး)သို့ ဆေးပညာပြန်လည်သင်ယူခွင့်ပြုရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုသည့်အတွက် မေးမြန်းပါသည်။