(ခ)-မူးယစ်ဆေးဝါးပပျောက်ရေးစီမံကိန်းကို မည်သို့ ဆောင်ရွက်ထားခြင်းနှင့် သီးနှံအစားထိုးပေးခြင်း၊ ပြန်လည်ထူထောင်ခြင်းနှင့် ပညာပေးလှုံ့ဆော်မှုများပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-25

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုအများဆုံးဒေသအဖြစ် ရှမ်းပြည်နယ် ပါဝင်နေပြီး အထူးသဖြင့် ကွန်ဟိန်းမြို့နယ် လည်းပါဝင်နေသည်ကို တွေ့ရသည့်အတွက် စိတ်မကောင်း ဖြစ်ရပါကြောင်း၊ ကွန်ဟိန်းမြို့နယ်တွင် သက်ဆိုင်ရာများမှ မူးယစ်ဆေးဝါးပပျောက်ရေးစီမံကိန်း ပြုလုပ်သော်လည်း ထိရောက်မှုအလွန်အားနည်း လျက်ရှိနေပါကြောင်း၊  သီးနှံအစားထိုးပေးခြင်း၊ ပြန်လည်ထူထောင်ခြင်းနှင့် ပညာပေး လှုံ့ဆော်မှုများမရှိသေးသည့် အတွက် ပြည်သူများက များစွာလိုလားတောင့်တလျက်ရှိနေပြီး အဆိုပါစီမံကိန်း ပေါ်ပေါက်စေရန် နိုင်ငံတော်မှ တစ်ပါးတခြားအားကိုးစရာမရှိပါကြောင်း၊ မူးယစ်ဆေးဝါး၏ ဆိုးရွားမှုဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသည့် မိဘပြည်သူများက မူးယစ်ဆေးဝါးပပျောက်ရန် လိုလားလျက် ရှိနေပါကြောင်း၊ ထို့ကြောင့် (က) ကွန်ဟိန်းမြို့နယ် တွင် မူးယစ် ဆေးဝါးပပျောက်ရေးစီမံကိန်းကို မည်သို့ဆောင်ရွက်ထားပါသနည်း။ (ခ) ကွန်ဟိန်းမြို့နယ်တွင် သီးနှံအစားထိုးပေးခြင်း၊ ပြန်လည်ထူထောင်ခြင်း နှင့် ပညာပေးလှုံ့ဆော်မှုများပြုလုပ်ပေးရန် အစီအစဉ်ရှိပါသလား။ (ဂ) မရှိပါက အဘယ်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်းစသည့်ဖြင့် မေးမြန်းသွားပါသည်။