(ဂ)-ဘားအံမြို့နယ်အတွင်း ဘိလပ်မြေစက်ရုံတည်ဆောက်ခြင်းကို ဒေသခံပြည်သူများမှ ကန့်ကွက်ကြောင်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် စေသော အခြားစက်ရုံ၊ အလုပ်ရုံများထားရှိပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-25

ဘားအံမြို့နယ်အတွင်း ဘိလပ်မြေစက်ရုံတည်ဆောက်ခြင်းကို ဒေသခံပြည်သူများမှ ကန့်ကွက်ကြောင်း နှင့် ဆင်းရဲမှုလျှော့ချရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိရေးအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးစေသော နည်းပညာများ၊ စက်မှုသင်တန်းကျောင်းများနှင့် အခြားစက်ရုံ၊ အလုပ်ရုံများအား ထားရှိပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းပဲဖြစ်ပါတယ်ရှင်။ ဥက္ကဋ္ဌကြီးရှင်။ ဆင်းရဲမှုလျှော့ချရေး၊ အလုပ်အကိုင်ရရှိရေးကိုအကြောင်းပြုပြီး သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေသော ဘိလပ်မြေစက်ရုံ တည်ဆောက်ခြင်းကို မပြုလုပ်ဘဲ ဒေသခံလူငယ်များ၏ နောင်အနာဂတ်ကာလမှာ မပျက်စီး မဆုံးရှုံး တတ်သော လူ့စွမ်းအားအရင်းအမြစ်နည်းပညာများ၊ အခြားစက်ရုံအလုပ်ရုံများအားထားရှိပေးစေလို ပါတယ်ရှင်။ အဘယ်ကြောင့်ဆိုသော် ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်းမှာ လက်ရှိလည်ပတ် နေသော ဘိလပ်မြေစက်ရုံ တန် ၉၀၀ နှင့် တန် ၄၀၀၀ ရှိနေပြီဖြစ်ပါတယ်ရှင်။ ထိုစက်ရုံများကြောင့် အနီးပတ်ဝန်းကျင်မှာရှိနေတဲ့ ကျေးရွာများမှာ လမ်းသွားလမ်းလာအခက်အခဲများ၊ လယ်ယာမြေ ဥယျာဉ်ခြံများကိုသိမ်းဆည်းထားသည့် ပြဿနာများ၊ ကျန်းမာရေးပြဿနာများစသည့် လူမှုရေး ပြဿနာများဟာ ယနေ့ထက်တိုင် ပြေလည်မှုမရရှိသေးပါရှင်။ ထိုစက်ရုံများကြောင့် နစ်နာဆုံးရှုံးရ သော ကျေးရွာလူထုများသည် ယခု နောက်ထပ် တန် ၅၀၀၀ ဘိလပ်မြေစက်ရုံ တည်ဆောက်ရန် လျာထားသော ဒေသခံမဟုတ်သော စိုးနိုင်ဖြိုးကုမ္ပဏီနှင့် တန် ၁၀၀၀၀ ဘိလပ်မြေဆောက်လုပ်ရန် လျာထားသော အိန္ဒိယနိုင်ငံ၊ ရှရီစီပင့်ကုမ္ပဏီလီမီတက်နှင့် နန့်လီတီဝီတီကုမ္ပဏီလိမီတက်တို့အား သဘောမတူဘဲ ကန့်ကွက်ကြောင်း တင်ပြလာပါတယ်ရှင်။ သို့ဖြစ်ပါ၍ သံလွင်မြစ်အနောက်ဘက် ခြမ်းမှာရှိတဲ့ တောင်များနှင့် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ဇွဲကပင်တောင်အပါ စုစုပေါင်း ၁၂ တောင် မပပျောက်ရေး ကျောက်ထုတ်လုပ်ခြင်း၊ ဘိလပ်‌ွမေစက်ရုံတည်ဆောက်ခြင်းအား ကန့်ကွက်ကြောင်း သက်ဆိုင်ရာသို့တင်ပြပေးရန်နှင့် ဒေသခံလူထုများ၏ ဆင်းရဲမှုလျှော့ချရေးနှင့် အလုပ်အကိုင် ရရှိရေးအတွက် အခြားလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးစေသော နည်းပညာများ၊ သင်တန်းကျောင်းများ၊ စက်ရုံ၊ အလုပ်ရုံများနှင့် အခြားစက်မှုလက်မှုများစီစဉ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းပါသည်။