(ဃ)-ဟဲဟိုးလေယာဉ်ကွင်း အနီး၌ လေယာဉ်ပျက်ကျမှုဖြစ်စဉ် နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-25

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့ မနက်ပိုင်းက ဟဲဟိုးလေဆိပ်မှာ ဖြစ်ပွားခဲ့တဲ့ လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အကျိုးစီးပွား အတွက် ရည်ရွယ်ပြီးတော့ မေးမြန်းမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လေယာဉ်ပျက်ကျမှုကို လေ့လာကြည့်ရင် ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ စုစုပေါင်း ၁၃ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ ဒီ ၁၃ ကြိမ်မှာ မြန်မာ့လေကြောင်းလိုင်းက ၁၀ ကြိမ်ဖြစ်ပါတယ်။ Air ပုဂံမှ ၂ကြိမ်ဖြစ်ပြီးတော့ Air ကမ္ဘောဇက ၁ ကြိမ် ဖြစ်ပါတယ်။ ဒီ ၁၃ ကြိမ်မှာ လူဦးရေ ၁၀၀ အသက်ဆုံးရှုံးခဲ့တာကို လေ့လာတွေ့ရှိရပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ယနေ့ နိုင်ငံခြားခရီးသွားတွေကလည်း ဒါကို စိုးရိမ်ပါတယ်။ စိုးရိမ်တဲ့အတွက် ကြောင့် ယနေ့ဧည့်သည်များသည် လေကြောင်းလိုင်းကို အသုံးမပြုဘဲနဲ့ တချို့ဖြစ်နိုင်ရင် မော်တော်ယာဉ်နဲ့သွားနေကြပါတယ်။ အလားတူ တချို့လည်း အခြေအနေအရပ်ရပ်ကို ယုံကြည်မှု အနေအထားကို စောင့်ကြည့်ပြီးတော့ သွားလာမှုနည်းပါးလာတာကို တွေ့ရှိရပါတယ်။ နိုင်ငံတော် အနေနဲ့ နိုင်ငံရေးနှင့်စီးပွားရေးပြုပြင်ပြောင်းလဲပြီးတော့ ယနေ့လုပ်ကိုင်နေတဲ့အချိန်မှာ နိုင်ငံခြား အရင်းအနှီးတွေကို ဖိတ်ခေါ်နေပါတယ်။ နိုင်ငံခြားသားဝင်ရောက်မှုဟာ ယနေ့ ပိုမိုပြီးတော့ များပြား လာတဲ့အချိန် ဖြစ်ပါတယ်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာလည်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်အရ နိုင်ငံခြားဧည့်သည် ၅၅၇၄၅၅ ဦးဝင်မယ်လို့ မျှော်မှန်းထားပါတယ်။ ဒါ့ကြောင့် ဒီလေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာ ကုမ္ပဏီအနေနဲ့ တစ်ကြိမ်သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့လည်း ကော်မရှင်ဖွဲ့ပြီးတော့ စစ်ဆေး တယ်ဆိုပြီးတော့ ကြေညာထားတာကို တွေ့ရပါတယ်။ ဒါပေမယ့် ဒီအခြေအနေများသည်  ပြည်တွင်း ပြည်ပလေကြောင်းလိုင်းမှာ သွားလာနေတဲ့ ခရီးသည်များအတွက် ယုံကြည်မှုကို အပြည့်အဝမရနိုင် သေးဘူး ဖြစ်ပါတယ်။ ဒါ့ကြောင့် ကုမ္ပဏီနဲ့  ကုမ္ပဏီတာဝန်ရှိတဲ့လူကြီးတွေ သက်ဆိုင်ရာဝန်ကြီးဌာန ကနေပြီးတော့ လေယာဉ်ကွင်းတွေရဲ့ အခြေအနေ၊ လေယာဉ်တွေရဲ့အခြေအနေ၊ လေယာဉ်မောင်တွေ ရဲ့ အရည်အသွေး၊ လေယာဉ်မယ်တွေရဲ့ အရည်အသွေးစသည်ဖြင့် ယုံကြည်မှုတွေကို ပြည်တွင်းနဲ့ ပြည်ပမှာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ဆောင်ရွက်မှသာလျှင် နိုင်ငံတော်က ရည်မှန်းထားတဲ့ ၂၀၁၃-၂၀၁၄ ရည်မှန်းချက်တွေ၊ ငါးနှစ်စီမံကိန်းအတွက် ရည်မှန်းထားတဲ့ နိုင်ငံခြားဧည့်သည် ၁.၅ သန်း ဝင်ရောက်ဖို့ အတွက် ဆောင်ရွက်နေတဲ့အခြေအနေ အောင်မြင်မှာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော့်အနေနဲ့ ဒီမေးခွန်းကို မေးမြန်းခြင်း ဖြစ်ပါတယ်။ ကျွန်တော်မေးမယ့်မေးခွန်းကတော့ ၂၀၁၂ ခုနှစ်၊  ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၀၈း၂၈ နာရီအချိန်မှာ မနက်ပိုင်းက ဟဲဟိုးလေယာဉ်ကွင်းအနီးမှာ  လေယာဉ် ပျက်ကျမှု ဖြစ်ပွားခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ အသွင်ကူးပြောင်းရေးကာလဖြစ်တဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် ကြိုးစားအားယူနေတဲ့ ယနေ့အချိန်အခါမျိုးမှာ အဆိုပါဖြစ်စဉ်ဟာ အတိုင်းအတာ တစ်ခုသော အတားအဆီးကို ဖြစ်ပေါ်စေနိုင်တဲ့အတွက်ကြောင့် ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ပြည်တွင်း ပြည်ပခရီးသွားတွေ နားလည်ယုံကြည်လာအောင်ပြုလုပ်ဖို့ အခြေအနေမှန်တွေရှင်းလင်းဖို့ ထပ်မံ မဖြစ်ဖို့အတွက် ကြိုတင် ကာကွယ်ထားတဲ့ စီမံဆောင်ရွက်မှုတွေကို သိရှိလိုတဲ့အတွက် မေးမြန်းခြင်း ဖြစ်ပါသည်။