(ဂ)-ခရိုင်အဆင်‌့အထိ အကြမ်းဖက်မှုနှင့် အဓိကရုဏ်းနှိမ်နင်းရေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်းထားရှိပြီး နိုင်ငံတကာစံနှုန်းနှင့် ကိုက်ညီသော သင်တန်းပေးခြင်း၊ အင်အားတိုးချဲ့ဖွဲ့စည်းနိုင်ခြင်း ရှိ။မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-25

မြန်မာ့ဒီမိုကရေစီအရေးအတွက် အထောက်အကူဖြစ်စေရန် မေးခွန်းတစ်ခုကို ဒုတိယဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းသွားမှာ ဖြစ်ပါတယ်ခင်ဗျား။ ရိုသေလေးစား အပ်ပါသော ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌကြီးခင်ဗျား။ ယခုအခါမှာ အကြမ်းဖက်မှုများ၊ အဓိကရုဏ်းများဟာ မြန်မာနိုင်ငံရဲ့ အချို့နေရာတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ် လျက်ရှိနေပါတယ်ခင်ဗျား။ အဲ့ဒီဖြစ်ရပ်များဟာ မြန်မာ့ဒီမိုကရေစီလမ်းကြောင်းကို သွားတဲ့အခါမှာ လွန်စွာအနှောင့်အယှက် ဖြစ်စေပါတယ်။ ဤကိစ္စရပ်တွေကို နိုင်ငံတကာစံနှုန်းနဲ့အညီ ဖြေရှင်းနိုင် ရန်လည်း လိုအပ်တယ်လို့ ထင်မြင်ယူဆမိပါတယ်။ ဒါကြောင့် ဒီမိုကရေစီဝါရင့်နိုင်ငံများမှာ အကြမ်းဖက်မှုနဲ့ အဓိကရုဏ်းနှိမ်နင်းရေးကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမယ်ဆိုတာကို လေ့လာပြီး ပြုလုပ်ဖို့ လိုအပ်မယ်လို့ ယူဆပါတယ်ခင်ဗျား။ အကြမ်းဖက်မှုနဲ့ အဓိကရုဏ်းများ နှိမ်နင်းရေးကို အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်မှသာလျှင် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူ့ရဲတပ်ဖွဲ့အနေနဲ့ အောက်ခြေမှာ မြို့နယ်၊ ခရိုင် အဆင့်အထိ အကြမ်းဖက်မှုနဲ့ အဓိကရုဏ်းနှိမ်နင်းရေးအဖွဲ့များကို အင်အားလုံလောက်စွာ တိုးချဲ့ ဖွဲ့စည်းထားရှိပြီး နိုင်ငံတကာစံနှုန်းနဲ့ ကိုက်ညီသော ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆောင်ရွက် တတ်စေရန် သင်တန်းပေးခြင်းများပြုလုပ်ပါက ယနေ့ မြန်မာ့ဒီမိုကရေစီလမ်းကြောင်းဖြောင့်ဖြူးရေးကို အထောက်အကူပြုနိုင်မယ်လို့ ထင်မြင်ယူဆပါသဖြင့် အချိန်နဲ့တစ်ပြေးညီ အများပြည်သူများကို ကာကွယ်ရေးအတွက် လုံလောက်ထိမိသော ဥပဒေများ ပြဋ္ဌာန်းရေးနှင့် လုံလောက်သော လူအင်အား ထပ်မံတိုးချဲ့ ဖွဲ့စည်းစီမံဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ မေးမြန်းပါသည်။