(ဃ)-နိုင်ငံတော်မှ လွတ်လပ်ရေးမော်ကွန်းဝင်အဆင့်အလိုက် လူပုဂ္ဂိုလ်အရေအတွက် မည်မျှရှိခဲ့ပြီး မည်မျှ ကွယ်လွန်၍ မည်မျှကျန်ရှိပါသနည်း၊ အဆိုပါပုဂ္ဂိုလ်များအား တစ်လုံးတစ်ခဲတည်း ချီးမြှင့်ရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-25

မိမိတို့ နိုင်ငံတော်၏ လွတ်လပ်ရေးရရှိရန်အတွက် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး နှစ်ပေါင်းများစွာ သက်စွန့်ဆံဖျား ဆောင်ရွက် ခဲ့ကြသည်ကို တစ်နိုင်ငံလုံး အသိဖြစ်ပါကြောင်း၊  အမျိုးသားခေါင်းဆောင်ကြီး အပါအဝင် လွတ်လပ်ရေးရယူရန်အတွက် ပါဝင်ခဲ့ကြသော ပုဂ္ဂိုလ်အသီးသီး ကို နိုင်ငံတော်သမ္မတကြီးက ပထမ အဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်စသဖြင့် ချီးမြှင့်ခဲ့ကြောင်း၊ ထိုပုဂ္ဂိုလ်များသည် အသက်အရွယ်အားဖြင့်  အိုမင်းလာခဲ့ပြီး မိမိတို့ စားဝတ်နေရေးဖူလုံမှုမရှိဘဲနှင့်ဘဝကို အခက်အခဲ အမျိုးမျိုးရင်ဆိုင်ဖြတ်ကျော်နေရသည်ကို တွေ့ရပါကြောင်း၊ မိမိအနေဖြင့် လွတ်လပ်ရေး မော်ကွန်း ဝင်များနှင့် ပတ်သက်ပြီးမေးခွန်း ၅ ချက်မေးလိုပါကြောင်း၊ (၁) မိမိတို့ ယနေ့ စတင်ပြီးတော့ ပေးခဲ့သည့် လွတ်လပ်ရေးမော်ကွန်းဝင် ဦးရေ မည်မျှရှိပါကြောင်း၊ ယနေ့ ဘယ်လောက်ကျန်သည်ကို သိလိုပါကြောင်း (၂) ထိုပုဂ္ဂိုလ်ကြီးများကို နိုင်ငံတော်အစိုးရအနေဖြင့် တစ်လုံးတစ်ခဲတည်းဆုချီးမြှင့်ဖို့ အစီအစဉ် ရှိ/ မရှိနှင့် ရှိပါက မည်သည့် ကာလတွင် မည်မျှထိ ချီးမြှင့်ရန် ရည်ရွယ်ထားသည်ကို သိလိုကြောင်း၊ (၃) ယနေ့  လွတ်လပ်ရေးမော်ကွန်းဝင်များကို လစဉ်ထောက်ပံ့မှုပေးနေသည်မှာ လက်ရှိတွင် မည်သည့်နှုန်း   နှင့် ပေးနေပါကြောင်း၊ (၄) ယခုပေးနေသည့် နှုန်းထားသည် မည့်သည်စနစ်ဖြင့် ထုတ်ပေးနေကြောင်း၊ (၅) ယနေ့ခေတ်ကာလသည် ကုန်ဈေးနှုန်း အင်မတန်မြင့်မားသောကြောင့်  မော်ကွန်းဝင်ကြီးများ ကို ထောက်ပံ့နေ သည့်ထောက်ပံ့ငွေများသည် ခေတ်စနစ်နှင့် လျော်ညီမှုရှိပါသလား။ မရှိပါက နိုင်ငံတော်အစိုးရ အနေဖြင့် ကုန်ဈေးနှုန်းနှင့် ကိုက်ညီအောင်တိုးမြှင့်ပြီး ထောက်ပံ့ပေးရန် အစီအစဉ်ရှိ၊မရှိ၊ ရှိပါက မည်မျှ ထောက်ပံ့မည်၊ မည်သည့်အချိန်တွင် ထောက်ပံ့မည်ဆိုသည့် မေးခွန်းများကို မေးမြန်းသွားသည်။