(ဈ)-ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၂)မြို့နယ် လျှပ်စစ်ဓာတ်အားနှင့် စွမ်းအင်ရရှိရေး လုပ်ငန်းများဆောင်ရွက်ရာတွင် တစ်ဖတ်သတ်လျာထားချက်များအား နိုင်ငံတော်မှ မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ပေးနိုင်မည်ကို သိလိုပါသည်နှင့် စပ်လျဉ်းသည့် မေးခွန်း
မိမိအနေဖြင့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းဝေး (၂၆) ရက်မြောက်နေ့တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ကျေးရွာများလျှပ်စစ်မီးလင်းနိုင်စေရေးအတွက် နိုင်ငံတော်မှ ပံ့ပိုးပေးမည့်အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်းကို မေးမြန်းခဲ့ရာ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် တာဝန်ရှိပုဂ္ဂိုလ်က မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဆင်းရဲမှုလျှော့ချနိုင်ရေး အတွက် ဂျပန်နိုင်ငံအစိုးရမှပေးမည့် တရားဝင်ကူညီ ချေးငွေ (ODA) အစီအစဉ်တွင် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယ ၁၆ ရွာသို့ဓာတ်အားပေးရန် ထည့်သွင်းပေးပြီး ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းရေး အေဂျင်စီ (JICA) နှင့်ဆက်သွယ်ဆောင်ရွက်လျက် ရှိကြောင်း၊ ၎င်းလုပ်ငန်းများသည် ကျေးရွာများ သို့ လျှပ်စစ်ဓာတ်အားရရှိစေရန် ဒီဇယ်ဓာတ်အားပေးစက်များဝယ်ယူခြင်း ၁၁ ကေဗွီ ဓာတ်အားလိုင်းများ တည်ဆောက်ပေးခဲ့ပြီးဖြစ်၍ ပင်းတယမြို့နယ်အတွင်ရှိ ကျုံးကျေးရွာ၊ ပွေးလှေကျေးရွာမျာတွင် လျှပ်စစ် ဓာတ်အားရောက်ရှိ အသုံးပြုလျက်ရှိကြောင်းဟူ၍ ရှင်လင်းဖြေကြားရာတွင် ပင်းတယမြို့အတွက်သာဖြစ်ပြီး ကျန်ဓနုဒေသနယ်မြေတစ်ခု ဖြစ်သော ရွာငံမြို့နယ်အတွင်း၌ လုံးဝပါဝင်ခြင်းမရှိကြောင်း၊ ထို့နောက် ၂၀၁၃ - ၁၄ ဘဏ္ဍာနှစ် ဝန်ကြီးဌာနအလိုက် ရသုံးလျာထားခန့်မှန်းချေ ငွေစာရင်းတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း အသေးစားရေအား လျှပ်စစ်စက်ရုံ တည်ဆောက်ခြင်း၊ ကျေးရွာများကို လျှပ်စစ်မီးသွယ်တန်းခြင်းများ ပါရှိရာ ပင်းတယမြို့နယ် ၇ ရွာ၊ တန်းဖိုးငွေ ၂၂၄.၃၇၅ သန်း လျာထားရာတွင် ရွာငံမြို့နယ်အတွက် ကိုယ်ထူးကိုယ်ထ မီးလင်းပြီးရွာတစ်ရွာသာ ပါရှိခဲ့သဖြင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှစ်မျိုးနှင့် ညီတူမျှသူဖွံ့ဖြိုးတိုးတက်လာစေရန် ယခုကဲ့သို့ တစ်ဖက်သတ်လျာထားချက်များအား နိုင်ငံတော်မှမည်ကဲ့သို့ ညှိနှိုင်းစီစဉ်ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။