(င)-တရားစီရင်ရေး၏ မူတစ်ခုဖြစ်သည့် ဥပဒေနှင့်အညီ လွတ်လပ်စွာတရားစီရင်ရေး လက်တွေ့အကောင် အထည်ဖော်ကြရန် နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-25

ဦးဝင်းမြင်‌့(ပုသိမ်မဲဆန္ဒနယ်)

ကျွန်တော့်အနေနဲ့ ဥပဒေနှင့်အညီ လွတ်လပ်စွာတရားစီရင်ရေးကို လက်တွေ့အကောင်အထည်ဖော် ကြရန်အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အဆင့်ဆင့်သောတရားရုံးများအား ညွှန်ကြား ချက်ထုတ်ပေးရေးအဆိုကို ၅-၁၁-၂၀၁၂ နေ့မှာ တင်သွင်းခဲ့ပြီးဖြစ်ပါတယ်။ ၂၆-၁၁-၂၀၁၂ နေ့မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ယင်းအဆိုကို တင်သွင်းရတဲ့ အကြောင်းအကျိုး ဖော်ပြချက် တောင်းသဖြင့် ကျွန်တော်ရေးသားပေးပို့ခဲ့ပါတယ်။ ထို့နောက် လွှတ်တော်ဥက္ကဋ္ဌကြီးက ပြည်သူ့ လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ကျင်းပတဲ့အခါ ယင်းအဆိုကို မေးခွန်းအဖြစ် ပြောင်းလဲပေးရန် အကြံပြုသဖြင့် ပြောင်းလဲပေးခဲ့တဲ့အတွက် မေးခွန်းအဖြစ် ဆက်လက်မေးမြန်းသွားမှာဖြစ်ပါတယ်။ 

နိုင်ငံတော်ရဲ့ အခြေခံမူများနှင့် တရားစီရင်ရေးနှင့်စပ်လျဉ်းပြီး မူတစ်ခုအဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၉ (က) မှာ ဥပဒေနှင့်အညီ လွတ်လပ်စွာတရားစီရင်ရေးကိုပြဋ္ဌာန်းထားပါတယ်။ အဲဒီ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ တရားစီရင်ရေးလုပ်ငန်းများကို အဆင်‌ပြေချောမွေ့စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အလို့ငှာဆိုပြီး ပြည်ထောင်စုတရားစီရင်ရေးဥပဒေအမှတ် (၂၀/၂၀၁၀) ကိုထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ဥပဒေမှာပါတဲ့ တရားစီရင်ရေးဆိုင်ရာမူများအနက် လွတ်လပ်စွာတရားစီရင်ရေးကိုလည်း ပြဋ္ဌာန်းထား ပြီးဖြစ်ပါတယ်။ ဒါပေမယ့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီအနေဖြင့်သော် လည်းကောင်း၊ ကော်မတီမှာပါရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့်သော်လည်းကောင်း သက်ဆိုင်ရာတရားသူကြီးများ နှင့် ထိတွေ့ဆက်ဆံဆွေးနွေးပြောဆိုကြတဲ့အခါမှာ လွတ်လပ်စွာ တရား စီရင်ရေးကို အလေးထားလိုတဲ့ တရားသူကြီးများရဲ့ ညဉ်းတွားသံများကို ကြားခဲ့ကြရပါတယ်။ အဲဒါတွေ ကတော့ တရားဥပဒေစိုးမိုးရေးကို တရားစီရင်ရေးတစ်ဖွဲ့တည်းနှင့် လုပ်လို့မရကြောင်း ဆက်နွယ်နေတဲ့ အဖွဲ့အစည်းအားလုံးတွင်လည်း တာဝန်ရှိကြောင်း၊ တရားသူကြီးများက အဓိကကျကြောင်း၊ တရားသူကြီးများဟာ ဘယာကတိကိုအမြဲတမ်း ကြောက်နေကြရကြောင်း၊ တရားသူကြီးများတွင် ဘယာ ကတိများရှိနေသေးကြောင်း အုပ်ချုပ်ရေးပိုင်းကို မကြောက်ပါနဲ့ လွတ်လပ်စွာ တရားစီရင်ကြပါလို့ ပြောနေရုံနဲ့မပြီးကြောင်း အောက်ခြေတွင် တရားရုံးများအပေါ်လွှမ်းမိုးမှုများရှိနေသေးကြောင်း၊ လွတ်လပ်စွာတရားစီရင်ရေးကို တရားသူကြီးများအနေနှင့် ပြည့်ဝစွာပြုလုပ်၍ မရသေးကြောင်း လွတ်လပ်ရမည်ဆိုလျှင် ကျွန်တော်တို့ချည်းလုပ်၍မရကြောင်း၊ စွက်ဖက်လွှမ်းမိုးမှုမရှိစေရေးညှိနှိုင်း ဆောင်ရွက်ပေးရန်လိုကြောင်း၊ အုပ်ချုပ်ရေးပိုင်းကို မကြောက်ပါနဲ့ ပြောလို့မဖြစ်ကြောင်း၊ မကြောက် အောင် တရားသူကြီးများကို ဘာအာမခံချက်ပေးမလဲဟုမေးလိုကြောင်း၊ ဝန်ကြီးချုပ်အထိတင်ပြ ညှိနှိုင်း၍ဆောင်ရွက်နေရပါကြောင်း၊ တရားရုံးသည် အုပ်ချုပ်ရေး၏လက်အောက်ခံသဖွယ်ညွှန်ကြား လျက်ရှိပါကြောင်း၊ ယင်းအခြေခံစိတ်ထားများကို ပြောင်းလဲရန် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တွင်တာဝန်ရှိကြောင်း၊ အုပ်ချုပ်ရေးကောင်းမှ တရားစီရင်ရေးကောင်းမည်ဖြစ်ကြောင်း၊  တရားသူကြီး များသည်လည်း ဝန်ထမ်းများဖြစ်၍ ကြောက်တတ်ပါကြောင်းစသည်ဖြင့် ဆွေးနွေးပြောဆိုမှုများရှိခဲ့ ကြပါတယ်။ ဒီလိုပြောဆိုချက်များအရဆိုရင် နိုင်ငံတော်ရဲ့အခြေခံမူကြီးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁(က) မှာပါရှိတဲ့ နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်တဲ့ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်းအပြန်အလှန် ထိန်းကျောင်းခြင်းကိုပြုသည်ဆိုတဲ့ ပြဋ္ဌာန်းချက်နှင့် ကွဲလွဲဆန့်ကျင် နေတာတွေ့ရှိရပါတယ်။ ယခုလိုမဖြစ်ရအောင် ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၇၃ မှာ ပြဋ္ဌာန်းထားတဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် လိုအပ်သောနည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းနှင့်လက်စွဲများကို ထုတ်ပြန်နိုင် သည့် ပြဋ္ဌာန်းချက်ရှိတဲ့အတိုင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်က မိမိရဲ့လုပ်ပိုင်ခွင့်ကို ထိထိ ရောက်ရောက်ကျင်‌့သုံးဖို့လိုအပ်ပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုတရား စီရင်ရေးဥပဒေတို့မှာ ပြဋ္ဌာန်းပါရှိတဲ့အတိုင်း ဥပဒေနှင့်အညီ လွတ်လပ်စွာတရားစီရင်ရေးကို လက်တွေ့အကောင်အထည်ဖော်နိုင်ကြရန်အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အဆင့်ဆင့် သောတရားရုံးများအား ညွှန်ကြားချက်ထုတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ။ စီစဉ်ပြီးပါက မည်သည့်နေ့ရက် တွင် ညွှန်ကြားချက်ထုတ်ထားကြောင်း သိလိုပါ၍ မေးမြန်းခြင်းဖြစ်ပါသည်။